CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၃

လာမည့် သင်္ကြန်ကာလ အလွန်တွင် အပြန်အလှန် ထိုးစစ်များဖြင့် တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲများ ပြင်းထန်လာနိုင် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း တန်ပြန် ထိုးစစ်ဆင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပြောကြားထား ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “အခုက NUG ကာကွယ်ရေးဌာန ကနေပြီးတော့ ဒီ ၂၀၂၃ ထဲမှာ တန်ပြန် ထိုးစစ်တွေ ဆင်မယ်၊ စစ်ရေး ချိန်ခွင်လျှာ ပြောင်းလဲအောင် လုပ်မယ်ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ တပ်မတော်နေ့ အခမ်းအနားမှာလည်း ကာကွယ်ရေးဦးစီးချုပ် ကနေပြီးတော့ NUG ဦးဆောင်တဲ့ PDF တွေ နှိမ်နင်းမယ်၊ အဲဒါတွေ မကဘူး။ NUG နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ERO အဖွဲ့တွေကိုလည်း နှိမ်နင်းတိုက်ခိုက်မယ်လို့ ပြောတဲ့အခါမှာ အဲဒီအထဲမှာ KIA, KNU, နောက်ပြီးတော့ ကရင်နီတပ်ဖွဲ့တွေလည်း ပါဝင်နေတဲ့ အခါကြတော့ တိုက်ပွဲက မလွှဲ မသွေ ကျနော်တို့ သင်္ကြန်အလွန် ကာလလောက်က စပြီးတော့ ပြန်လှန်ထိုးစစ်တွေ၊ ထိုးစစ်တွေ တစ်ပြည်လုံး အနှံ့ အပြားမှာ ဖြစ်ပွားလာစရာ အကြောင်းရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် တပ်မတော်နေ့ အခမ်းအနားမှာ NUG၊ PDF နှင့် ပူးပေါင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ ခြင်းကြောင့် အဆိုပါကိစ္စကို အာရုံစိုက် ဆောင်ရွက်သွားမည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း CNI သတင်းဌာနသို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ PDF ကိုတွေ့ရစဉ်(Kalay PDF)

ဦးရဲထွန်းက “အခုကတော့ တပ်မတော်နေ့မှာ နစကဥက္ကဋ္ဌက ပြောသွားတာကတော့ NUG၊ PDF တွေနဲ့ သူ့ကို ထောက်ခံနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အပြတ်ချေမှုန်း မယ်ဆိုပြီး သူကြုံးဝါးသွား တာကတော့ တွေ့လိုက်တယ်၊ အဲဒီတော့ သူကတော့ အဲဒီနေရာတွေကို သူအာရုံစိုက်ပြီး လုပ်မယ့်သဘော တွေ့ရ ပါတယ်” ဟု ပြောသည်။

ယခု ၂၀၂၃ ခုနှစ်ကို နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ် ဖြစ်ကြောင်း NUG မှ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။

နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်မည်ဟု မမြင်မိကြောင်း၊ မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သည့် အပေါ်တွင် မူတည်မည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “အဲဒါက ပြင်းထန်တယ်ဆိုတဲ့ အပိုင်းတော့ ကျနော်မမြင်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ဘယ်လိုဖြစ်သွားမလဲဆိုတော့ သာမန်အားဖြင့် လူတွေ နားလည်သလို ရှင်းပြရမယ်ဆိုရင် တိုက်ပွဲပြင်းထန်တယ် ဆိုတာ ကြီးကြီးမားမား ဟိုဖက်မှာ တိုက်တယ်၊ ဒီလို တိုက်တယ်ဆိုတာ အဲဒါမျိုး ဖြစ်ဖို့က သိပ်မလွယ်ပါဘူး။ တစ်ခု တော့ ရှိတာပေါ့လေ၊ တပ်မတော်ဖက်က နယ်မြေရှင်းလင်းရေးနဲ့ ပတ်သက်လို့ ဥပမာ နယ်မြေတည်ငြိမ်အောင် သူတို့ စစ်ဆင်ရေးတွေ ဝင်တဲ့အခါမှာ ဘယ်လောက် အတိုင်းအတာထိ ဝင်လည်းဆိုတာလည်း မူတည်သေးတယ်၊ ထိတွေ့မှု အကြီးကြီးနဲ့ heavy မျိုးတော့ ကျနော်တို့ မျှော်လင့်လို့ မရဘူး၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ အထူးသဖြင့် PDF ဖက်ကနေပြီးတော့ ပြည်သူလူထု အများစုရှိတဲ့ နေရာတွေကို စိမ့်ဝင်လာပြီးတော့ အဖျက်အမှောင့် လုပ်ငန်း တွေ လုပ်တာတို့ ဥပမာ မိုင်းခွဲတာတို့ လူတွေသတ်တာတို့ ဒါမျိုးတော့ ဖြစ်လာနိုင်ဖို့တော့ ရှိတယ်၊ ခုနပြောသလို တိုက်ပွဲပြင်းထန် လာနိုင်တယ်ဆိုတဲ့ အနေအထားက ပြောရခက်ပါတယ်။ တစ်ခု စဉ်းစားစရာရှိတာက တချို့ EAO တွေပေါ့ သဘောထားတင်းမာတဲ့ EAO တွေက PDF နဲ့ ပူးပေါင်းပြီး တိုက်ပွဲဖော်တာမျိုး ရှိကောင်းရှိလိမ့်မယ်၊ ဒီ လောက်ပဲ မျှော်လင့်လို့ ရပါမယ်” ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို တွေ့ရစဉ် (KNU-fb) 

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

တခြားတစ်ဖက်မှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် RCSS/SSA(ရှမ်း)၊ PNLO(ပအိုဝ်း)၊ NMSP(မွန်)၊ ALP(ရခိုင်)၊ DKBA(ကရင်)၊ KNU/KNLA-PC(ကရင်)၊ LDU(လားဟူ) အပါအဝင် NCA မထိုးရသေးသည့် UWSA(ဝ)၊ SSPP(ရှမ်း)၊ NDAA(မိုင်းလား)တို့နှင့် နစကကြား ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသည်။