CNI International News

တာ့ယွင်၊ မတ်လ ၃၀

ပြင်ပဖိအားများက ထိုင်ဝမ်၏ ကမ္ဘာကြီးနှင့် ကူးလူးဆက်ဆံမှုကို တားဆီးနိုင်မည် မဟုတ်ဟု သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) က အမေရိကန်သို့ သွားမည့် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်ဟု CNA သတင်းတွင် ဖော်ပြသည်။

ယင်းက သူမအနေဖြင့် အမေရိကန်တွင် လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီ (Kevin McCarhty) နှင့် တွေ့ဆုံလျှင် လက်တုန့်ပြန်မှု လုပ်ဆောင်မည်ဆိုသည့် တရုတ်၏ ခြိမ်းခြောက်မှုကို အာခံပြောဆိုခြင်းလည်း ဖြစ်သည်။

တရုတ်အစိုးရသည် ထိုင်ဝမ်အား ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ထားပြီး ဆိုင်အင်ဝမ်နှင့် မတွေ့ဆုံရန် အမေရိကန် အရာရှိများကို ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။

ထိုသို့ တွေ့ဆုံခြင်းက ထိုင်ဝမ်၏ သီးသန့် နိုင်ငံတစ်ခုအဖြစ် ခွဲထွက်ရန် အမြင်ကို ထောက်ခံသည့် သဘောဟု ရှုမြင်ထားခြင်းကြောင့် ဖြစ်သည်။

တရုတ်သည် ပြီးခဲ့သည့် သြဂုတ်လတွင် ထိုင်ဝမ်အား ထိုစဉ်က လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ (Nancy Pelosi) ရောက်ရှိလာသည့် အချိန်တွင်လည်း ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။

သမ္မတ မရှိချိန်တွင် တရုတ်၏ လှုပ်ရှားမှုများကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ထိုင်ဝမ်စစ်တပ်က ပြောသည်။ ဆိုင်သည် ဂွာတီမာလာ ( Guatemala ) နိုင်ငံနှင့် ဘဲလ်လစ်ဇ် (Belize) နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကာ အသွားတွင် နယူးယောက်၊ အပြန်တွင် လော့စ်အိန်ဂျလိစ်တို့မှ တစ်ဆင့်အကူးအပြောင်း ပြုလုပ်မည် ဖြစ်သည်။

တရားဝင် အတည်ပြုမှု မရှိသော်လည်း သူမသည် ခရီးအဆုံးသတ်ချိန် ကယ်လီဖိုးနီးယားတွင် မက္ကာသီနှင့် တွေ့ဆုံမည်ဟုလည်း ယူဆရသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကိုတွေ့ရစဉ်

တွေ့ဆုံ ဖြစ်လျှင် ယင်းက အမေရိကန်မြေပေါ်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ထိုင်ဝမ်ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး တွေ့ဆုံမှုဖြစ်ကာ ထိုတွေ့ဆုံမှုက တရုတ်အစိုးရကို ဒေါသဖြစ်စေသည်။

ပြင်ပဖိအားများက ထိုင်ဝမ်အား မရပ်တန့်နိုင်ကြောင်း၊ ထိုင်ဝမ်သည် လွတ်လပ်သော၊ ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှ တစ်ဆင့် ကမ္ဘာကြီးနှင့် ပေါင်းစည်းရေး လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ ထိုလမ်းသည် ကြမ်းသော်လည်း ထိုင်ဝမ်တွင် အပေါင်းအဖော်များရှိကြောင်း ထိုင်ဝမ်၏ တာ့ယွင် (Taoyuan) လေဆိပ်တွင် ဆိုင်က ပြောခဲ့သည်။

ဆိုင်၏ အမေရိကန်မှ တစ်ဆင့် အကူးအပြောင်း ပြုလုပ်ခြင်းသည် လေဆိပ် သို့မဟုတ် ဟိုတယ်တွင် စောင့်ဆိုင်း ရန်အတွက် မဟုတ်ဘဲ အမေရိကန် အရာရှိများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်သည်ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဇူးဖန်းလိုင် (Zhu Fenglian)က ပြောသည်။

အမေရိကန်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံပါက ယင်းသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China) ကို ပြင်းထန်စွာ ချိုးဖောက်ရုံမက တရုတ်၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်စေကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိခိုက်စေသည့် ရန်လိုမှု ဖြစ်သည်ဟုလည်း သူမက ဆက်ပြောခဲ့သည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကိုတွေ့ရစဉ်

ထိုအခြေအနေကို လုံးဝဆန့်ကျင်ကြောင်း၊ ယင်းကို တုန့်ပြန်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇူက ပြောခဲ့ သော်လည်း အတိအကျကိုမူ မပြောခဲ့ပေ။

အမေရိကန်က ထိုင်ဝမ်သမ္မတ အဆက်ဆက်သည် အမေရိကန်အား ခရီးတစ်ထောက် နားရာ နေရာအဖြစ် ပုံမှန်အသုံးပြုခဲ့ကြောင်း၊ ထိုင်ဝမ်အပေါ် ရန်လိုသော လုပ်ဆောင်ချက်များ ချမှတ်ရန် ယင်းကို အသုံးမချသင့် ကြောင်း ပြောသည်။

ထိုင်ဝမ်သမ္မတ၏ ယခုသီတင်းပတ်နှင့် နောက်လ အမေရိကန်သို့ တစ်ထောက်နား ခရီးစဉ်အပေါ် တရုတ်အနေဖြင့် အလွန်အမင်း တုန့်ပြန်ရန် မလိုအပ်ဟုလည်း အမေရိကန်အရာရှိများက ပြောသည်။

Source:CNA