CNI International News

ဝါရှင်တန်၊ မတ်လ ၃၀

ဒီမိုကရက်တစ် အဖွဲ့အစည်းများ ကာလရှည် အင်အားကျဆင်းလာခြင်းကို တားဆီးရန် ကမ္ဘာ့ခေါင်းဆောင်များက ပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း ကြေညာခြင်းဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီ အခြေအနေများအပေါ် ဗုဒ္ဓဟူးနေ့တွင် အကောင်းမြင်သော ရှုမြင်သုံးသပ်မှု လုပ် ဆောင်သွားခဲ့သည်ဟု အေပီက ဖော်ပြခဲ့သည်။

သမ္မတ သက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ဒီမိုကရေစီ ထိပ်သီး အစည်းအဝေး ဖွင့်လှစ်ခြင်းတွင် ရုရှား၏ ယူကရိန်းအား ကျူးကျော်မှု၊ အမေရိကန်နှင့် တရုတ်တို့အကြား စီးပွားရေး-စစ်ရေး အားပြိုင်မှုများ ရှိနေသော်လည်း ပြီးခဲ့သည့်နှစ်အတွင်း ပိုမိုကောင်းမွန် ကျယ်ပြန့်လာမှုများကို ဘိုင်ဒန်က ဦးစားပေး ပြောခဲ့သည်။

အန်ဂိုလာ၊ ခရိုအေးရှားနှင့် ဒိုမီနီကန်တို့၏ ပြောင်းလဲမှုမှ စတင်၍ ကမ္ဘာတစ်ဝန်း တိုးတက်မှု လက္ခဏာများကို ကိုးကား၍ ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင်း မဲပေးမှုကို ကာကွယ်ပေးရေးနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များသည်လည်း ဒီမိုကရေစီစနစ်အား ထောက်ပံ့ရန် အစိုးရ၏ ပေးထားသော ကတိအပေါ် သက်သေပြချက်ဟု ဘိုင်ဒန်က ပြောသည်။

ယနေ့ခေတ် အနေအထားများအရ ကမ္ဘာကြီးတွင် ဒီမိုကရေစီစနစ်သည် ပိုမိုအားကောင်းလာကာ သက်ဦဆံပိုင် စနစ်များ ပိုမိုအားနည်းလာသည်ဟု ဂုဏ်ယူစွာဖြင့် ပြောနိုင်ကြောင်း ဘိုင်ဒန်က ပြောသည်။

ထရမ့်ထောက်ခံသူများက အမေရိကန်လွှတ်တော်တိုက်ခိုက်နေစဉ်

ဗုဒ္ဓဟူးနေ့က အစည်းအဝေးသည် အမေရိကန်အစိုးရ၏ ပိုမိုခိုင်မာသော ပူးပေါင်းမှုကို တည်ဆောက်ရန်၊ သက်ဦးဆံပိုင် စနစ်ဘက်သို့ ယိမ်းနေသော နိုင်ငံများအား ပြောင်းလဲမှုဆီသို့ ပို့ဆောင်ပေးရန် ကြိုးပမ်းမှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာများ ပေါ်ပေါက်လာရေးမှသည် လွတ်လပ်၍ အမှီအခိုကင်းသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအထိ အားလုံးပါဝင်သော ဒီမိုကရေစီ အစီအစဉ်များကို မြှင့်တင်ရန် အမေရိကန်ဘက်မှ ဒေါ်လာ သန်း ၆၉၀ အသုံးပြုသွားမည်ဟုလည်း သမ္မတက ပြောသည်။

ယခု အစည်းအဝေးအား ခေတ်မှီ ဒီမိုကရက်တစ် အစိုးရဖြစ်ရေး နည်းပညာများ အသုံးပြုခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်နိုင်ရေး ထိန်းသိမ်းပေးရန် အသုံးချသွားလိုသည်ဟုလည်း ဘိုင်ဒန်က ပြောသည်။

စီးပွားဖြစ် spyware များ တိုးပွားမှုနှင့် ယင်းတို့အား မလျော်ကန်စွာ အသုံးချမှုကို တန်ပြန်ရေး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများ ခိုင်မာစေရန် ကိစ္စအတွက်လည်း အမေရိကန်သည် တခြားသော နိုင်ငံ ၉ နိုင်ငံနှင့် ပူးတွဲ ကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဘရာဇီးလ်သမ္မတ ဘိုဆိုနာရိုထောက်ခံသူများက သမ္မတအသစ်ဖြစ်သည့် လူရာကို ကန့်ကွက်ပြီး တိုက်ခိုက်စဉ်

ယင်းတို့တွင် သြစတြေးလျ၊ ကနေဒါ၊ ကော်စတာရီကာ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယူးဇီလန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့်ဗြိတိန်တို့ ပါဝင်သည်။

ထောက်လှမ်းရေး နည်းပညာများကို အစိုးရများ အနေဖြင့် မည်သို့ အသုံးပြုသင့်ကြောင်း ဆိုသည်နှင့် ပတ်သက်၍ စည်းကမ်းချက်များ သတ်မှတ်ရေးတွင် နိုင်ငံပေါင်း ၄၀ ခန့်က ပါဝင်လက်မှတ် ရေးထိုးခဲ့သည်ဟု ထိုကိစ္စနှင့် နီးစပ် သည့် အမေရိကန် အရာရှိတစ်ဦးက ပြောသည်။

ထိုသတ်မှတ်ချက်များကို ညီလာခံ မပြီးဆုံးခင် ထုတ်ပြန် သွားမည်ဖြစ်သည်။

Source: AP