CNI International News

တီဟီရန်၊ မတ် - ၄

နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းသူမိန်းကလေးများ အဆိပ်ခတ်ခံရမှုနှင့်ပတ်သက်၍ အီရန်၏ ရန်ဘက် နိုင်ငံခြား တိုင်းပြည်များကို သမ္မတ အီဗရာဟင် ရိုင်ဆီ(Ebrahim Raisi)က အပြစ်တင်ခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထား သည်။

နိုဝင်ဘာလ အီရန်နိုင်ငံရှိ ရှီးအိုက် မူဆလင်များ အထွဋ်အမြတ်ထားရာ ကွမ် (Qom) မြို့မှ စတင်ခဲ့သော ဖြစ်ရပ် များတွင် အနည်းဆုံး မြို့လေးမြို့မှ ကျောင်းပေါင်း ၃၀ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ယင်းကို လက်ရှိအချိန်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

အဆိပ်သင့်မှုများကြောင့် ကျောင်းသားမိဘများအနေဖြင့် ကလေးများအား ကျောင်းထုတ်မှုများလည်း ဖြစ်စေခဲ့သည်။

မတူညီသော ကျောင်းများမှ ကျောင်းသူ မိန်းကလေး ရာပေါင်းများစွာ အဆိပ်သင့်ခဲ့သည်ဟု အီရန် ကျန်းမာရေး ဝန်ကြီးက အင်္ဂါနေ့တွင် ပြောခဲ့ပြီး မိန်းကလေးများ ကျောင်းတက်ခြင်းကို ဆန့်ကျင်သည့် ဘာသာရေး အုပ်စုများက ထိုသို့ ပြုလုပ်ခြင်းဟု နိုင်ငံရေးသမားများက ပြောသည်။

အီရန်က ကျောင်းသူတွေ အဆိပ်သင့်လို့ ဆေးကုသမှုခံနေကြစဉ် (GETTY IMAGES)

သောကြာနေ့က နိုင်ငံတောင်ပိုင်းတွင် ပြုလုပ်ခဲ့သော ရုပ်သံမိန့်ခွန်းတွင် အဆိပ်သင့်မှုများအတွက် အီရန်၏ ရန်ဘက် နိုင်ငံများကို ရိုင်ဆီက အပြစ်တင်ခဲ့သည်။

ယင်းသည် ကျောင်းသားများ၊ မိဘများကြားတွင် မလုံခြုံမှုနှင့် စိုးရိမ်မှုများပေးရေး နိုင်ငံတွင်း မတည်ငြိမ်မှုများ လုပ်ဆောင်ရန် ရည်ရွယ်သည့် ရန်သူများ၏ လုပ်ရပ်ဖြစ်သည်ဟု သမ္မတက ပြောသည်။

မည်သည့် ရန်သူကို ညွှန်းဆိုကြောင်း အတိအကျ မရှင်းပြခဲ့သော်လည်း ပုံမှန်အားဖြင့် အီရန်သမ္မတသည် အမေရိကန်နှင့် အစ္စရေးတို့ကြား ရန်ဘက်နိုင်ငံများအဖြစ် စွပ်စွဲပြောဆိုလေ့ ရှိသည်။

မြို့တော် တီဟီရန် (Tehran) ဆင်ခြေဖုံး အရပ်ရှိ ကျောင်းတစ်ခုဘေးတွင် တွေ့ခဲ့ရသော လောင်စာဆီ ကားတစ်စီး သည် အဆိပ်ခတ်မှုများတွင် ပါဝင်မှု ရှိနေကြောင်း အီရန်ထိပ်သီး အရာရှိတစ်ဦးက သီးခြားပြောဆိုသည်။

ထိုသို့သော ကားများကို တခြားမြို့များတွင်လည်း မြင်တွေ့ခဲ့ရသည်။

အရေးပေါ်ကားနဲ့ ကျောင်းသူတွေကို ခေါ်ထုတ်သွားစဉ် (GETTY IMAGES)

အာဏာပိုင်များက ထိုကားကို သိမ်းဆည်းကာ ယာဉ်မောင်းကို ဖမ်းဆီးခဲ့သည်ဟု ပါဒစ်ဒေသလက်ထောက် အုပ်ချုပ်ရေးမှူး ကာရီမီ ဆာလတ်(Karimi Saleh) ကပြောသည်။

အဆိပ်မိများနှင့် ပတ်သက်သည့် ဖမ်းဆီးမှုများအပေါ် ပထမဆုံး ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။

ထိုကားကို အီရန်အနောက်ပိုင်း လော်ရီ စတန် (Lorestan) ပြည်နယ်ရှိ ဘိုရူဂျာ့ (Borujerd) မြို့နှင့် ကွမ်(Qom)မြို့ တို့တွင်လည်း တွေ့ခဲ့ရသည်ဟု ဆာလတ်က ပြောသည်။

ဘိုရူဂျာ့တွင်လည်း ကျောင်းသူများစွာ အဆိပ်သင့် ခဲ့ကြပြီး ထိုဖြစ်စဉ်များကို ဆာလတ်က တိတိကျကျ ရှင်းပြခြင်း တော့ မရှိပေ။ ကားရပ်ထားကာ ပါကင်ရှိ ဝန်ထမ်းများပင် အဆိပ်သင့်မှုများ ဖြစ်ခဲ့သည်ဟုလည်း ၎င်းက ပြော သည်။

Source: အယ်ဂျာဇီးယား