CNI International News

တီဟီရန်၊ ဖေဖော်ဝါရီ ၂၁

အီရန်ငွေကြေးတန်ဖိုးမှာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအထိ ကျဆင်းခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။ အီးယူအဖွဲ့က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ မချမှတ်ခင် ထိုသို့ ကျဆင်းခဲ့ခြင်းဖြစ် သည်။

တနင်္လာနေ့ အဖွင့်ဈေးကွက်တွင် တစ်ဒေါ်လာသည် အီရန်နိုင်ငံသုံး ရီရယ် ၅၀၀၀၀၀(ငါးသိန်း) နှုန်းကျော် သွားသည်။ ယင်းက လာမည့်အနာဂတ်အတွင်း နိုင်ငံ၏ငွေကြေးသည် နောက်ထပ်တန်ဖိုးကျဆင်းမှုများဆက်ဖြစ်ဦးမည်ဆိုသော စိတ်ဓာတ်ရေးရာ အတားအဆီးများကို ကျော်ဖြတ်သွားခြင်းလည်းဖြစ်သည်။

အီရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို အမေရိကန်ဘက်က တစ်ဖက်သတ် ဖျက်သိမ်းပြီး အရေးယူပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့သည့် လွန်ခဲ့သောငါးနှစ်တွင် အီရန်ငွေကြေး ရီရယ်၏ တန်ဖိုးမှာတစ်ဒေါ်လာလျှင် ၄၀၀၀၀(လေးသောင်း)အောက်သာ ရှိခဲ့သည်။ အဆိုပါပမာဏသည် လွန်ခဲ့သော စက်တင်ဘာလ တန်ဖိုးထက် အဆပေါင်း ၃၀၀၀၀၀(သုံးသိန်း)ကျော် ပိုနည်းနေသည်။

တနင်္လာနေ့က ငွေကြေးတန်ဖိုးကျဆင်းလာခြင်းသည် အီရန်နိုင်ငံအား နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ဆက်လုပ်သွားမည်ဟု အီးယူအဖွဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက် ဘော်ရယ် (Josep Borrell) နှင့် တခြားသော အရာရှိများက ကြေညာခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အီရန်နိုင်ငံ တီရီဟန်မြို့တော်တွင် ပြီးခဲ့သည့် စက်တင်ဘာလက စတင်ခဲ့သည့် လူထုအုံကြွမှုမြင်ကွင်း(ဓါတ်ပုံ-getty images)

ယခုတစ်ကြိမ် အရေးယူမှုများသည် ယခင်က ကဲ့သို့ပင် စက်တင်ဘာလလယ်က အီရန်နိုင်ငံတွင်းမှ ဆန္ဒပြပွဲများ အပေါ် တုန့်ပြန်မှုများနှင့်ပတ်သက်၍ အီရန်အရာရှိများနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားခြင်းဖြစ်သည်။

နိုင်ငံတွင်း ဆိုးဆိုးရွားရွား မငြိမ်သက်မှုများ ဖြစ်ခဲ့ခြင်းနောက်ကွယ်တွင် အနောက်အုပ်စုရှိနေသည်ဟုလည်း အီရန် ဘက်က စွပ်စွဲထားသည်။ ယူကရိန်းစစ်ပွဲတွင် ရုရှားအား ဒရုန်းများထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် လများအတွင်း အမေရိကန်နှင့် အီးယူတို့က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတစ်ချို့ လုပ်ဆောင်ခဲ့ သည်။

The Islamic Revolutionary Guard Corps အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရေးအတွက်လည်း အီရန်နှင့် အီးယူအဖွဲ့တို့အကြား တင်းမာမှုများ ရှိခဲ့သည်။ ၂၀၁၅ နျူကလီးယားစာချုပ်ကို ပြန်လည်ထိန်းသိမ်းနိုင်ရေး ဆွေးနွေးပွဲများ မတင်မကျရှိနေချိန်တွင် အနောက်အုပ်စုအဖွဲ့ဝင်များက အီရန်အား နိုင်ငံတကာနျူကလီးယား စွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့သည် အီရန်တွင် ယူရေနီယမ် ၈၄ ရာခိုင်နှုန်း ကြွယ်ဝသော အရာများကို တွေ့ရှိခဲ့သည်ဟု Bloomberg သတင်းတွင် တနင်္ဂနွေနေ့၌ ဖော်ပြသည်။ ယင်းက ရှာတွေ့သမျှ အများဆုံးပမာဏလည်းဖြစ်သည်။ သို့သော် ထိုသို့ တွေ့ရှိမှုသည် ယခင်က ကြေညာခဲ့သည့်အတိုင်း အီရန်သည် ယူရေနီယမ်ပမာဏ ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားလိမ့်မည်ဆိုသည့် အဓိပ္ပါယ်မဟုတ်ကြောင်း၊ အီရန် နျူကလီးယားလက်နက် ရရှိရန်ကြိုးပမ်းသွားမည် မဟုတ်ကြောင်း အီရန်အစိုးရဘက်က ပြောသည်။

Source:Aljazeera