CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄

ဘန်ကောက်နှင့် ဆမွတ်ပရာကန် (Samut Prakan) တို့၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း စီးနင်းမှုများ လုပ်ဆောင် ခဲ့ရာ ဘတ် ၁၄ သန်း တန်ဖိုးရှိ တံဆိပ်အတုတပ် သွားတိုက်ဆေးများ၊ အလှကုန်များနှင့် အိတ်များကို သိမ်းဆည်း ရမိကာ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

စားသုံးသူ ကာကွယ်ရေး ရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းကာ စီးနင်းခဲ့ ခြင်း ဖြစ်သည်။

တံဆိပ်အတုတပ် သွားတိုက်ဆေးနှင့် အလှကုန်များကို သိုလှောင်ကာ နာမည်ကျော်ဆိုင် ၁၈ ဆိုင်မှ တစ်ဆင့် အွန်လိုင်းတွင် ရောင်းချရန် နေရာသုံးနေရာတွင် ထုပ်ပိုးမှုများ လုပ်ဆောင်နေသည်ဆိုသည့် တိုင်ကြားမှုများ ကြောင့် ရှာဖွေစီးနင်းမှုများကို လုပ်ဆောင်ခဲ့သည်ဟု စားသုံးသူ ကာကွယ်ရေးရဲတပ်ဖွဲ့ခွဲ (CCPD) မှ အရာရှိတစ်ဦး က ပြောသည်။

ဖရာခါနောင် (Phra Khanong) ရာဇဝတ်မှု တရားရုံးမှ ရှာဖွေဝရမ်းများ ကိုင်ဆောင်ထားသည့် လက်နက်ကိုင် CCPD ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်တွင် ဘန်ကောက် ပရာဝပ် (Prawet) ခရိုင်ရှိ နေရာနှစ်ခုကို ရှာဖွေမှု လုပ်ဆောင်ခဲ့သည်။

တတိယမြောက် စီးနင်းမှုကို ဆမွတ်ပရာကန်ပြည်နယ် ဘန်ဖီလီ (Bang Phli) ခရိုင်ရှိ ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ ဂိုထောင်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရှာဖွေမှုများအတွင်း တာဝန်ရှိသူများသည် တံဆိပ်အတုကပ် ပစ္စည်းပေါင်း ၆၇၄၃၀ ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းတို့တွင် Thep Thai အပါအဝင် တံဆိပ်အတုကပ် သွားတိုက်ဆေးများ၊ အလှကုန်များနှင့် အိတ်များ စုစုပေါင်း ဘတ်ငွေ ၁၄ သန်းကို ရှာဖွေသိမ်းဆည်းခဲ့သည်။

စမွတ်ပရာကန် ဂိုထောင်၏ တာဝန်ရှိသူ ကျွမ် (Zhong) ဟု ဖော်ပြထားသော တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ ပြီး ရောင်းချရန် အလှကုန် အတုနှင့် တခြား ပစ္စည်းများကို လက်ဝယ်တွေ့ရှိမှုတွင် အလှကုန် ဥပဒေနှင့် မူပိုင်ခွင့် ဥပဒေကို ချိုးဖောက်ခြင်းအတွက် ဖမ်းဆီးခဲ့သည်။

တရုတ်ရင်းနှီးမြုပ်နှံသူများ ခိုင်းစေသည့်အတိုင်း ပစ္စည်းများကို ထုတ်ပိုးကာ ဖောက်သည်များထံ ပို့ဆောင်ခဲ့ခြင်း သာ ဖြစ်သည့်အတွက် ကျွမ်က စွပ်စွဲချက်များကို ငြင်းဆိုသည်။

အွန်လိုင်းမှ ကုန်ပစ္စည်းများကို ဝယ်ယူရာတွင် သတိထားသင့်ကြောင်း၊ ကုန်သွယ်ရေးဌာနတွင် မှတ်ပုံတင်ထား သည့် ဆိုင်များတွင်သာ ဝယ်ယူသင့်ကြောင်းလည်း FDA အရာရှိက ပြောသည်။

Source: ဘန်ကောက်ပို့စ်