CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃

၂၀၂၄ မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ နဲ့အထက် သပိတ်မှောက်နိုင်ပြီး ပြိုင်ပွဲတစ်ခုလုံးကို အဓိပ္ပါယ်မဲ့သွားစေနိုင်တယ်လို့ ပိုလန်ရဲ့ အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီး ခါမေလ်ဘောနီချုပ်ခ်က ပြောလိုက်ပါတယ်။

ခါမေလ်ဘောနီချုပ်ခ်က “လာမယ့်အပတ်မှာ နိုင်ငံပေါင်း ၄၀ က ကိုယ်စားလှယ်တွေဘက်ကနေ အလွန်ခိုင်မာတဲ့ ရပ်တည်ချက်ဟာ နေ့အလင်းရောင်ကို မြင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ဒါကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် အိုလံပစ်မတိုင်ခင်မှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေနဲ့ ကျနော်တို့ ရင်ဆိုင်ရမယ်လို့ မထင်ပါဘူး။ကျနော်တို့သာ ဒီပြိုင်ပွဲကို သပိတ်မှောက်လိုက်မယ်ဆိုရင် ကျနော်တို့ ပါဝင်မယ့် မဟာမိတ်အဖွဲ့ဟာ ပွဲတွေကို အဓိပ္ပါယ်မဲ့စွာ ကျင်းပ နိုင်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်” လို့ နိုင်ငံပိုင်ရုပ်သံလိုင်းကို ပြောခဲ့တာပါ။

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ရုရှားနဲ့ ဘယ်လာရုစ်အားကစားသမားများအား ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိအောင် စီစဉ်နေတာကို ပိုလန်၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားတို့က ပူးတွဲ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ယူကရိန်းကတော့ ဒီပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပြီး IOC ကတော့ ဘယ်လိုသပိတ်မှောက်မှုမဆို အားကစားသမားတွေကိုသာ အပြစ်ပေးတာဖြစ်လိမ့်မယ်လို့ ကြာသပတေးနေ့က ပြောထားတာပါ။

သပိတ်မှောက်မယ့်အစီအစဉ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံတို့ ပါဝင်လာမယ်လို့ ပိုလန် အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးက ယုံကြည်နေပြီး ဒီနိုင်ငံတွေမှာရှိတဲ့ အားကစားဝန်ကြီးတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဗွီဒီယိုဖုန်းပြောဆိုဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။နိုင်ငံတကာ အိုလံပစ်ကော်မတီက ရုရှားနဲ့ ဘယ်လာရုစ်အားကစားသမားတွေကို ကြားနေအလံအောက်မှာ ယှဉ်ပြိုင်ခွင့်ပြုဖို့အတွက် လမ်းကြောင်း တစ်ခုရှာဖွေနေတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောထားတာပါ။

ဒီလို ပြောဆိုပြီးနောက်မှာ အိုလံပစ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေဟာ နေ့တိုင်းနီးပါးထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။အမေရိကန်ကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ကြားနေအဖြစ် ယှဉ်ပြိုင်ခွင့်ပြု တာကို ထောက်ခံခဲ့တာပါ။

အိမ်ဖြူတော်ပြန်ကြားရေးက “နိုင်ငံတကာအားကစားအဖွဲ့ချုပ်တွေကနေ ရုရှားနဲ့ ဘယ်လာရုစ် အားကစား အဖွဲ့ချုပ်တွေကို ဆိုင်းငံ့ထားတာကို အမေရိကန်က ထောက်ခံပါတယ်။ဒါပေမယ့် အိုလံပစ်ပြိုင်ပွဲလို နိုင်ငံတကာ ပွဲတွေမှာ အားကစားသမားတွေကို ဖိတ်ကြားမယ်ဆိုရင် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံကို ကိုယ်စားပြုခြင်း မဟုတ် ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်သင့်ပါတယ်။ ရုရှား၊ဘယ်လာရုစ် အလံတွေ၊သင်္ကေတတွေနဲ့ နိုင်ငံတော်သီချင်း အသုံးပြုတာကို ပိတ်ပင်သင့်တယ်” လို့ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

Source:BBC,ChannelNewsAsia