CNI International News

ကဘူးလ်၊ ဇန်နဝါရီ ၁၂

အာဖဂန်မြို့တော် ကဘူးလ်(Kabul)ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်တွင် အသေခံ ဗုံးခွဲမှုတစ်ခုဖြစ်ပွား ခဲ့ရာ အနည်းဆုံးလူ ၂၀ ဦး သေဆုံးခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အသေခံ ဗုံးခွဲမှုက ယခုနှစ်အတွင်း အာဖဂန်မြို့တော်တွင် ဒုတိယအကြိမ်မြောက် ဆိုးရွားသော တိုက်ခိုက်မှု လည်း ဖြစ်သည်။

ဗုံးခွဲသူသည် နိုင်ငံခြားရေးဌာနအတွင်းသို့ ဝင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ထို့နောက် ဖောက်ခွဲ လိုက်ကြောင်း သတင်းအချက်အလက်ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ကဘူးလ်မြို့မှာ အသေခံဗုံးခွဲမှုကို မြင်ရစဉ် (GETTY IMAGES)

ယခု ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ တာလီဘန် နိုင်ငံခြားရေးနှင့် ပြည်ထဲရေးဌာနတို့မှ တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။ အခင်းဖြစ်ပွားရာ နေရာနှင့်ပတ်သက်သည့် ဓာတ်ပုံများလည်း ပေါ်ထွက်လာခဲ့ပြီး ဝန်ကြီးဌာန အပြင်ဘက်တွင် သေဆုံးနေသော သို့မဟုတ် ဒဏ်ရာရနေသော လူ ၉ ဦးခန့်နှင့် ၎င်းတို့ကို ကူညီနေ သော လုံခြုံရေးအဖွဲ့များကို တွေ့မြင်ရသည်။

ယခု တိုက်ခိုက်မှုနှင့် ပတ်သက်၍ နောက်ပိုင်းတွင် အပြည့်အစုံ ထုတ်ပြန်ပေးမည်ဟု ကဘူးလ်ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ခါလစ်ဇာဒရန် (Khalid Zadran)က ပြောသည်။

ပေါက်ကွဲမှုသည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုသည် တရုတ်သံတမန် အဖွဲ့တစ်ခု ဝန်ကြီးဌာနရှိ တာလီဘန်များနှင့် တွေ့ဆုံ နေချိန်တွင် ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်ဟုလည်း သတင်းများ ပေါ်ထွက်လာသည်။

ဗုဒ္ဓဟူးနေ့တွင် တရုတ်သံတမန် အဖွဲ့တစ်ခုနှင့် တွေ့ဆုံ ရန် ရှိကြောင်း၊ သို့သော် ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ၎င်းတို့ ဝန်ကြီးဌာနအတွင်း ရှိနေသည်လား မသိကြောင်း ယဉ်ကျေးမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ လက်ထောက် ဝန်ကြီး မူဟာဂျာဖာရာဟီ (Muhajer Farahi)က အေအက်စ်ပီသို့ ပြောသည်။

ကဘူးလ်မြို့က အသေခံဗုံးခွဲမှုအပြီး မြင်တွေ့ရစဉ် (GETTY IMAGES)

လွယ်အိတ်လွယ်ကာ ရိုင်ဖယ်သေနတ်ကို ချိတ်ဆွဲထားသော အမျိုးသားတစ်ဦး ဘေးမှ ဖြတ်သွားအပြီး စက္ကန့်ပိုင်း အကြာတွင် ပေါက်ကွဲသံကို ကြားခဲ့ရကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ သတင်းယူရန် အေအက်စ်ပီ သတင်း သမားအဖွဲ့နှင့် ရောက်ရှိနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြေပြင်ပေါ် လဲနေသော ဒဏ်ရာရရှိသူများနှင့် ၎င်းတို့ကို ကူညီပေးနေသူများက အော်ဟစ် အကူအညီ တောင်းခံ နေသည်ကိုလည်း ထွက်ပေါ်လာသည့် ဗွီဒီယိုဖိုင်များတွင် မြင်တွေ့ရသည်။

၂၀၂၁ ခုနှစ်တွင် တာလီဘန်များက အာဖဂန်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံတွင်း လုံခြုံရေး အခြေ အနေများမှာ တိုးတက်လာသည်ဟု တာလီဘန်များဘက်မှ ပြောသော်လည်း မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်လျက်ရှိသည်။

ထိုအကြမ်းဖက်မှု အများစုကို ISIS အဖွဲ့နှင့် ဆက်နွယ်နေသူများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လက ကဘူးလ်မြို့ရှိ ဟိုတယ်တစ်ခုအတွင်း ပစ်ခတ်မှုတွင်လည်း တရုတ်နိုင်ငံသား ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

Source: အယ်ဂျာဇီးယား