CNI International News

ပူထရာဂျာယာ၊ဇန်နဝါရီ ၇

ဆာဘတ် (Sabah)ပြည်နယ် ဝန်ကြီးချုပ် ဟာဂျီဂျီနော (Hajiji Noor)အား ရာထူးမှ ထုတ်ပယ်မည်ဟု ကောလာဟလများ ထွက်ပေါ်နေချိန်တွင် ထိုပြည်နယ်ရှိ နိုင်ငံရေးအခြေအနေမှာ တည်တည်ငြိမ်ငြိမ် ရှိနေသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim)က ပြောကြားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

ဆာဘတ်ပြည်နယ်တွင် ကိစ္စရပ်တချို့ရှိခဲ့ကြောင်း သိခဲ့ရသော်လည်း နောက်ထပ် ထပ်မံ ပေါ်ပေါက်လာမည်ဟု မထင်ကြောင်းလည်း အန်ဝါက သောကြာနေ့တွင် ပြောခဲ့သည်။

သို့သော် မည်သည့် ကိစ္စရပ်များ ဖြစ်နေသည်နှင့် ဝန်ကြီးချုပ်နေရာကို အစားထိုးမှု ဖြစ်မည်ဟု ပေါ်ပေါက်နေသော နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များမှာ မည်သို့မည်ပုံ ဖြစ်သည်ကို ရှင်းလင်းပြောဆိုသွားခြင်း မရှိပေ။

သောကြာနေ့ ဝတ်ပြုဆုတောင်းမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အန်ဝါက ဆာဘတ်ပြည်နယ်တွင် အခြေအနေမှာ တည်ငြိမ်နေကြောင်းနှင့် ကသောင်းကနင်း ဖြစ်မည့်အလားအလာမျိုး မတွေ့ရကြောင်းသာ ပြောခဲ့သည်။

ဆာဘတ် (Sabah)ပြည်နယ် ဝန်ကြီးချုပ် ဟာဂျီဂျီနောကိုတွေ့ရစဉ် (GETTY IMAGES)

ထို့နောက် သောကြာနေ့က ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိဝန်ကြီးချုပ်၊ ဆာဘတ်ညီညွှတ်သော မလေးအမျိုးသား အဖွဲ့အစည်း (UMNO) ဥက္ကဋ္ဌ၊ ဝါရီဆန် (Warisan) ပါတီ ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ (DAP)၏ အထွေထွေ အတွင်းရေးမှူးချုပ်တို့နှင့် တွေ့ဆုံခဲ့ကာ ဆွေးနွေးခဲ့သည်ဟုလည်း အန်ဝါက ပြောခဲ့သည်။

ဂါဘန်ဂန် ရတ်ယတ် ဆာဘတ် (Gabungan Rakyat Sabah (GRS) ပါတီဥက္ကဋ္ဌဖြစ်သူ ဟာဂျီဂျီသည် ၎င်းအား ပြည်နယ်ခေါင်းဆောင်နေရာမှ ဖယ်ရှားတော့မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ပြည်နယ်လွှတ်တော်နှင့် ညီညွှတ်မှုရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်။

ဆာဘတ် UMNO လွှတ်တော်အဖွဲ့ဝင် ခုနစ်ဦးနှင့် တွေ့ဆုံခဲ့ကာ ယခုနှစ်အတွင်း ပိုမိုကောင်းမွန်သော ပြည်နယ် ဖြစ်လာစေရေးအတွက် ကြိုးပမ်းမှုများနှင့် စီမံကိန်းများကို ဆွေးနွေးခဲ့သည်ဟု ဟာဂျီဂျီက ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။

ဘုရားသခင်၏ အလိုတော်အရ မိမိတို့ကြား ပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်မှုနှင့် သဘောတူညီမှုများဖြင့် အရာရာကို အောင်မြင်မှုရရှိ လိမ့်မည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

Source: CNA