CNI News

၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၉

အိမ်ရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းမည်ဆိုပါက ငှားရမ်းနေထိုင်သူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဧည့်စာရင်းတိုင်ကြားရန် နစက အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ (စက်တင်ဘာ ၉ရက်) တွင် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင် CRPH အပါအ၀င် NUG ၊ PDF နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများက အဖျက်အမှောက် လုပ်ရပ်များ လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများ အား ငှားရမ်းသုံးစွဲခဲ့ကြကြောင်း ရေးသားထားသည်။

ထို့ကြောင့် အိမ်ရှင်များအနေဖြင့် ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံ စွာဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ သတ်မှတ်ချက်များနှင့်အညီ ဧည့်စာရင်းတိုင်ကြားရန်နှင့် မိမိငှားရမ်း ထားသူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အချိန်မှီ သတင်းပို့ အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက ထိုနေအိမ်၊ တိုက် ခန်း တို့သည် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ ဧည့်စာရင်း တိုင်ကြားထာခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက ငှားရမ်းသည့် ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့ကြောင့် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည့်အပြင် ထိုငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်း များအား အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် အမှုများနှင့်ဆက်စပ်၍ သက်သေခံ အဖြစ် သိမ်းဆည်းခံ ရမည်ဖြစ်ကြောင်း နစက၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဆိုသည်။

ထို့အပြင် တရားရုံး၌ စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။