- By CNI
- Category: အားကစား
- Hits: 1200
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
PUBG ကမ္ဘာ့ချန်ပီယမ်ရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့သည့် မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းကို ဩဂုတ် ၇ ရက်နေ့မှာ ရန်ကုန်ရှိ ပြည်သူ့ရင်ပြင်တွင် ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့သည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့မှာကျင်းပခဲ့သည့် PUBG ကမ္ဘာ့ချန်ပီယမ်ရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းက အမှတ်အများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုပြိုင်ပွဲကို တကမ္ဘာလုံးက ထိပ်တန်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Grand Final အဆင့်ကိုတော့ ဩဂုတ် ၁ ရက် ကနေ ၃ ရက်အတွင်းကျင်းပခဲ့ကာ ကျန်ရှိခဲ့တဲ့ ၁၆ သင်းက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲနောက်ဆုံးရက် ဩဂုတ် ၃ ရက်နေ့မှာတော့ Yangon Galacticos အသင်းက ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံရှစ်ဖြစ်လာခဲ့ကာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကျော်ကို ရရှိခဲ့သည်။
ကစားသမားများမှာ အသင်း Captain အဖြစ် Smile က ဦးဆောင်ခဲ့ပြီး MAR NETT, SAY CLOUD နှင့် ROMEO တို့ဖြစ်ပြီး Grand Finals ပြိုင်ပွဲအတွင်း Chicken Dinner ၄ ကြိမ်အထိ ရရှိခဲ့ကာ နောက်ဆုံးရမှတ် ၁၅၇ မှတ်ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: အားကစား
- Hits: 1352
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂
၂၀၂၆ AFC အာရှဖလား အမျိုးသမီး ခြေစစ်ပွဲအုပ်စု C ဒုတိယမြောက် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အသင်းတို့ပွဲစဉ်မှာ ဘင်္ဂလားဒေ့ရှ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ဘင်္ဂလားဒေ့ရှ်အသင်းဟာ မြန်မာအသင်းကို အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများအပြား ပြုလုပ်ကာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းကတော့ ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ လူကျွံဘော ထောက်ချောက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ အကြိမ်ကြိမ် လူကျွံနေခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲပြီးခါနီးမှာ လူစားဝင်လာတဲ့ ဝင်းဝင်းက သွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ မြန်မာအသင်းဘက်ကို ပင်နယ်တီ အပါအဝင် ပြစ်ဒဏ်ဘောတွေ ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့်လည်း မြန်မာအသင်းဟာ နစ်နာခဲ့ရပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ် ကစားဖို့ ကျန်ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အာရှဖလားခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်သွားပြီဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1627
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉
၂၀၂၆ AFC အမျိုးသမီးအာရှဖလား ခြေစစ်ပွဲအုပ်စု C အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၂၉ ရက်က ကစားခဲ့တဲ့ မြန်မာနဲ့ တာခ့်မင်နစ္စတန်အသင်းတို့ပွဲစဉ်မှာ မြန်မာအသင်းက ၈ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲစဉ်မှာ ပထမပိုင်းသွင်းဂိုး ၄ ဂိုး၊ ဒုတိယပိုင်းမှာ သွင်းဂိုး ၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းအတွက် သွင်းဂိုးတွေကို ဝင်းဝင်းက ၃ ဂိုး၊ ခင်မိုမိုထွန်းက ၂ ဂိုး၊ စန်းသော်သော်၊ မေထက်လူနဲ့ ရွှေရည်ထွန်းတို့က ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။
တာခ့်မင်နစ္စတန်အသင်းဟာ ဒီပွဲမှာ သွင်းဂိုး ရရှိစေမယ့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် မြန်မာအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။
ဒါအပြင် တာခ့်မင်နစ္စတန်အသင်းဟာ ဂိုးသမားဖြစ်သူ လက်စွမ်းပြသမှုတွေကြောင့် မြန်မာအသင်းကို ဒီထက်ပိုပြီး သွင်းဂိုးတွေခွင့် မပြုခဲ့ရတာပါ။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်အသင်း၊ တာခ့်မင်နစ္စတန်အသင်းက ဘာရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2087
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီနေ့ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ASEAN All Stars အသင်းတို့ပွဲစဉ်မှာ ASEAN All Stars အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ASEAN All Stars အသင်းအတွက် အနိုင်ဂိုးကို မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်က သွင်းယူ ပေးခဲ့တာပါ။
မောင်မောင်လွင်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၅၀ ကျော်မှ လူစားလဲ ဝင်ရောက်လာခဲ့ပေမယ့် ပွဲချိန် ၇၁ မိနစ်မှာ ASEAN All Stars အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ယူနိုက်တက်အသင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး မြန်မာကစားသမားလည်း ဖြစ်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် မေလ ၃၀ ရက်မှာ ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2102
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ယူနိုက်တက်အသင်းနဲ့ ခြေစမ်းမယ့် ASEAN-All Stars အသင်းမှာ ပါဝင်ကစားဖို့ မြန်မာ့လက်ရွေးစင်အသင်း တောင်ပံကစားသမား မောင်မောင်လွင်ကို ရွေးချယ်ခဲ့ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ်ဟာ ASEAN-All Stars အသင်းမှာ မောင်မောင်လွင်ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တရားဝင် ဆက်သွယ် အကြောင်းကြားခဲ့တာပါ။
မောင်မောင်လွင်ဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြသနေသလို ထိုင်းကလပ် Lamphun Warrior အသင်းမှာလည်း ခြေစွမ်းပြ ကစားနေတာကြောင့် ASEAN-All Stars အသင်းမှာ မြန်မာကိုယ်စားပြုအဖြစ် ရွေးချယ်ကြောင်း AFF က ထုတ်ပြန်ခဲ့ပါတယ်။

ASEAN-All Stars အသင်းကို ဗီယက်နမ် လက်ရွေးစင်အသင်းနည်းပြ Kim Sang-Sik က တာဝန်ယူ ကိုင်တွယ် သွားမှာပါ။
ယူနိုက်တက်အသင်းနဲ့ ASEAN-All Stars အသင်းတို့ရဲ့ ခြေစမ်းပွဲကို မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီ ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2028
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
၂၀၂၇ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ အာဖဂန်နစ္စတန်အသင်းတို့ ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲချိန် ၁၄ မိနစ်မှာ အာဖဂန်နစ္စတန်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့တာပါ။
မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၈ မိနစ်မှာ တိုက်စစ်မှူး သန်းပိုင်က မောင်မောင်လွင်ရဲ့ ဖန်တီးပေးမှု ကနေ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာတော့ မြန်မာနဲ့ အာဖဂန်နစ္စတန်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံးဟာ အနိုင်ဂိုးရရှိဖို့ ကြိုးစားခဲ့ကြပေမယ့် ပွဲချိန်မိနစ် ၇၀ ကျော်အထိ ဂိုးမသွင်းနိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ အသင်းခေါင်းဆောင် မောင်မောင်လွင်က အဝေးကန်ချက်နဲ့ လှပတဲ့ဂိုးသွင်းပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့တာပါ။
အာဖဂန်နစ္စတန်အသင်းဟာ ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက်ပိုင်းမှာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဇင်ညီညီအောင်နဲ့ မြန်မာအသင်း ခံစစ်ကစားသမားတွေ အကောင်းဆုံး ဖျက်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ပွဲအပြီးမှာ မြန်မာအသင်းဟာ အာဖဂန်နစ္စတန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အဖွင့်ပွဲစဉ်မှာ ၃ မှတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1935
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၂၅ နိုင်ငံတကာအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး အသင်းဟာ ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာ အိမ်ရှင် နီပေါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ။
ဗိုလ်လုပွဲမှာ မြန်မာအသင်းအတွက် ဂိုးတွေကို ဝင်းသိင်္ဂီထွန်းနဲ့ ရူပါခိုင်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် နီပေါ၊ မြန်မာ၊ လက်ဘနွန်နဲ့ ကာဂျစ္စတန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ၄ နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအသင်းနဲ့ နီပေါအသင်းတို့ဟာ အုပ်စုတွင်း ရမှတ်အများဆုံး ရရှိခဲ့တဲ့အသင်းတွေ ဖြစ်တာကြောင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ရတာပါ။

ဗိုလ်လုပွဲမှာတော့ မြန်မာအသင်းဟာ အုပ်စုတွင်း သရေကစားနိုင်ခဲ့တဲ့ နီပေါအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
နိုင်ငံတကာ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2293
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁
အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု B နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ပွဲစဉ်မှာ ဗီယက်နမ်အသင်းက ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ မြန်မာအသင်းဟာ ဗီယက်နမ်အသင် းတိုက်စစ်ကို အကောင်းဆုံး ခုခံနိုင်ခဲ့သလို အဝေးကန်ချက်တွေနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဗီယက်နမ်အသင်းဟာ ပွဲစတာနဲ့ မြန်မာအသင်းဘက်ကို ဆက်တိုက် တိုက်စစ်ဆင်မှုပြုလုပ်ပြီး သွင်းဂိုးတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဗီယက်နမ်အသင်းဘက်ကို တိုက်စစ် ဆင်ချိန်တောင် မရခဲ့ဘဲ ခံစစ်ပိုင်းမှာသာ အချိန်ကုန်နေပြီး သွင်းဂိုးတွေ ဆက်တိုက် ခွင့်ပြုခဲ့ရတာပါ။

ဗီယက်နမ်အသင်းရဲ့ မွေးစားသား ဘရာဇီးလ်တိုက်စစ်မှူးဟာ ဒီပွဲမှာ မြန်မာအသင်း ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ရှုံးပွဲကြောင့် အုပ်စုကနေ ထွက်ခွာခဲ့ရပြီး ဗီယက်နမ်အသင်းဟာ အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့တဲ့အတွက် အုပ်စု A မှာ ဒုတိယရခဲ့တဲ့ စင်္ကာပူအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1816
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉
မြန်မာအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ မောင်မောင်လွင်ဟာ ပွဲပယ်ကြောင့် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင် မယ့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြ ဦးမျိုးလှိုင်ဝင်းက အတည် ပြုခဲ့ပါတယ်။
မောင်မောင်လွင်ဟာ မြန်မာအသင်းက လာအိုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ပွဲစဉ်မှာ အဝါကတ် ပြသခြင်းခံခဲ့ရတာပါ။
မြန်မာအသင်း တောင်ပံကစားသမား မောင်မောင်လွင်ဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ ပွဲစဉ်မှာလည်း အဝါကတ် ပြသခံခဲ့ရတာကြောင့် အုပ်စုတွင်းမှာ အဝါကတ် ၂ ကြိမ်ထိခဲ့လို့ ၁ ပွဲပယ်ခံရမှာဖြစ်ပါတယ်။
အဲဒါကြောင့် မောင်မောင်လွင်ဟာ မြန်မာအသင်းရဲ့ အရေးကြီး ပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ် အသင်းနဲ့ပွဲစဉ်ကို ပါဝင် နိုင်တော့မှာ မဟုတ်ပါဘူး။

ပွဲစဉ်အုပ်စုကို တွေ့ရစဉ်
မောင်မောင်လွင်ဟာ ၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ မြန်မာအသင်းအတွက် ပြစ်ဒဏ်ဘောကန်ချက်ကနေ တိုက်ရိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက မောင်မောင်လွင် မပါဝင်နိုင်ပေမယ့် ဗီယက်နမ်အသင်းနဲ့ပွဲစဉ်က အရေးကြီးတဲ့ပွဲဖြစ်လို့ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံ ချန်ပီယံရှစ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။
ဗီယက်နမ်အသင်းက အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်နေပြီး အင်ဒိုနီးရှားအသင်းက ၃ ပွဲကစား ရမှတ် ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေကာ ဖိလစ်ပိုင်အသင်းက ၃ ပွဲ ကစား ရမှတ် ၃ မှတ်နဲ့ စတုတ္ထ၊ လာအိုအသင်းက ၄ ပွဲကစား ရမှတ် ၂ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာ ရပ်တည်နေပါ တယ်။
အုပ်စုနောက်ဆုံး ပွဲစဉ်တွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်မှာ ဗီယက်နမ်နဲ့ မြန်မာအသင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။
မြန်မာအသင်းအနေနဲ့ နောက်တဆင့် တက်နိုင်ဖို့အတွက် ဗီယက်နမ် အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ် ရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2039
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု B ပွဲစဉ်အဖြစ် ဒီနေ့မှာ ကစားခဲ့တဲ့ မြန်မာနဲ့ လာအိုအသင်းတို့ရဲ့ ပွဲစဉ်မှာ မြန်မာအသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ မြန်မာအသင်းဟာ လွင်မိုးအောင်ရဲ့ သွင်းဂိုးနဲ့ လာအိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင် ထားတာပါ။
ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ လာအိုအသင်းကို ဖိကစားပြီး ဂိုးကန်သွင်းခွင့်တွေ အများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လာအိုအသင်းက ဂိုးရသွားခဲ့ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို မိနစ်အနည်းငယ်ခြားပြီး သွင်းယူခဲ့တာပါ။
အဲဒါကြောင့် မြန်မာအသင်းဟာ သွင်းဂိုးတွေပြန်ရရှိဖို့ ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင်ခဲ့တာကြောင့် မိနစ် ၉၀ မပြည့်ခင်မှာ ဝင်းနိုင်ထွန်းက ချေပဂိုးသွင်းယူခဲ့ပါတယ်။
မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ ဆက်တိုက် ကြိုးပမ်းခဲ့တာကြောင့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဝင်းနိုင်ထွန်းကပဲ အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အုပ်စုတွင်းပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်ရရှိကာ နောက်တဆင့် တက်နိုင်မယ့် မျှော်လင့်ချက် ရှင်သန်နေသေးတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 3541
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁
မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်ဟာ အသင်းအတွက် အရေးကြီးတယ်လို့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
ဦးမျိုးလှိုင်ဝင်းက “ပထမပွဲမှာ အမှတ်ဆုံးရှုံးထားလို့ ကျနော်တို့အတွက် ဒီပွဲစဉ်က အရေးကြီးပါတယ်။ အနိုင် သုံးမှတ်ရယူနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြိုင်ဘက် ဖိလစ်ပိုင်အသင်းကလည်း အသင်းကောင်း တစ်သင်းပါ။ ကျနော်တို့အနေနဲ့ ပြိုင်ဘက်အပေါ် လေးစားမှုရှိပါတယ်”လို့ ပြောခဲ့တာပါ။
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ် အုပ်စု B အဖွင့်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့ တုန်းက ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်ဟာ မြန်မာအသင်းအတွက် အလွန်အရေးကြီးနေပြီး အဝေးကွင်းပွဲစဉ်မှာ ရမှတ်ရယူနိုင်ဖို့ လိုအပ်နေတာပါ။

ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်
ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာသာ ရလဒ်မကောင်းခဲ့ရင် မြန်မာအသင်းအတွက် နောက်တဆင့် တက်နိုင်မယ့် မျှော်လင့်ချက်တွေ နည်းပါးသွားမှာဖြစ်ပါတယ်။
မြန်မာအသင်း ကွင်းလယ်လူ လွင်မိုးအောင်ကလည်း ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းရော၊ ရလဒ်ပါ အကောင်း ဆုံးဖြစ်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
လွင်မိုးအောင်က “ကျနော်တို့ ရောက်နေတဲ့ အခြေအနေကို ကျနော်တို့သိပါတယ်။ အဲဒီအတွက် တစ်သင်းလုံး သေချာ ပြင်ဆင်ပြီး ကြိုးစားနေကြပါတယ်။ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပါ အကောင်းဆုံး ဖြစ်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်အသင်းအတွက်တော့ ဒီပွဲစဉ်ဟာ သူတို့ရဲ့ ၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်တာပါ။
ဖိလစ်ပိုင်နဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကို ဒီဇင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန်မှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 4654
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆
မြန်မာအသင်းဟာ ၂၀၂၄ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup ပြိုင်ပွဲအတွက် ပဏာမရွေးချယ် ထားတဲ့ ကစားသမား ၃၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီစာရင်းထဲမှာ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းက ကစားသမား အများစု ပါဝင်ခဲ့ပြီး ပြည်ပထွက် ကစားနေတဲ့ ကစားသမားတွေထဲမှာ အောင်သူနဲ့ ကျော်မင်းဦးတို့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ကလပ်အသင်း ပွဲစဉ်တွေရှိနေတဲ့ ပြည်တွင်း၊ပြည်ပ ကစားသမားအချို့ကလွဲပြီး မြန်မာအသင်းဟာ နိုဝင်ဘာ ၂၅ ရက်က စတင်ပြီး စခန်းဝင် လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါ တယ်။
မြန်မာအသင်းရဲ့ ပဏာမ ကစားသမား ၃၀ ဦး စာရင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းက ဆန်းဆက်နိုင်၊ သူရိန်စိုး၊ ရဲလင်းထက်၊ ဥက္ကာနိုင်၊ ဝေလင်းအောင်၊ ဇော်ဝင်းသိန်းနဲ့ ရန်ကျော်ထွေးတို့ ပါဝင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ပြည့်ဖြိုးသူ၊ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ သက်ဟိန်းစိုး၊ နန္ဒကျော်၊ မြတ်ကောင်းခန့်၊ ခွန်ကျော်ဇင်ဟိန်းနဲ့ ရဲရင့်အောင် တို့ ပါဝင်နေပါတယ်။

ISPE အသင်းက ခိုင်ရဲဝင်း၊ ဟံသာဝတီယူနိုက်တက်အသင်းက နေလင်းထက်၊ လတ်ဝေဘုန်းနဲ့ နေမိုးနိုင်၊ ဒဂုံစတားအသင်းက ဇင်ညီညီအောင်၊ ဟီဟထက်အောင်နဲ့ အောင်နိုဝင်းတို့ ပါဝင်နေတာပါ။
ပြည်ပထွက် ကစားနေတဲ့ သူတွေထဲမှာ စိုးမိုးကျော်၊ သီဟဇော်၊ မောင်မောင်လွင်၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ သန်းပိုင်၊ ဝင်းနိုင်ထွန်းနဲ့ အောင်ကောင်းမာန်တို့ ပဏာမစာရင်းထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု B မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
မြန်မာအသင်းဟာ အုပ်စုတွင်း ၄ ပွဲမှာ ၂ ပွဲကို အိမ်ကွင်း ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှာ အင်ဒိုနီးရှား အသင်းနဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
၂၀၂၄ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
