CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

တင်းနစ်လောကက အနားယူဖို့ ရော်ဂျာဖက်ဒဲရားဆုံးဖြတ်လိုက်တာဟာ အားကစားအတွက် ဝမ်းနည်းဖို့ ကောင်းတဲ့နေ့လို့ ပြိုင်ဘက်ကြီး ရာဖေးလ်နာဒယ်လ်က ပြောဆိုလိုက်ပါတယ်။

နာဒယ်လ်က “ကျနော်တို့ဟာ သူငယ်ချင်းတွေဖြစ်သလို၊ ပြိုင်ဘက်တွေလည်း ဖြစ်ပါတယ်။ ဒီလိုနေ့မျိုး ဘယ်တော့မှ မရောက်လာစေဖို့က ကျနော့်ရဲ့ဆန္ဒပါ။ဒါဟာ ကျနော့်အတွက်ရော ကမ္ဘာတစ်ဝှမ်းရှိတဲ့ အားကစားအတွက် ဝမ်းနည်းဖို့ ကောင်းတဲ့နေ့ပါ။ခင်ဗျားနဲ့အတူနှစ်တွေအများကြီး မျှဝေခွင့်ရခဲ့တာက ကျနော့်အတွက် ဂုဏ်ယူဖို့ ကောင်းပါတယ်။ကျနော်တို့ အတူတူအလုပ်လုပ်စရာတွေအများကြီး ရှိပါတယ်။အခုအချိန်မှာ ခင်ဗျားရဲ့ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။လန်ဒန်မှာ တွေ့ကြမယ်” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။

ဂရမ်းဆလမ်းချန်ပီယံဆု အကြိမ် ၂၀ ရရှိထားတဲ့ ဖက်ဒဲရားဟာ အခုလထဲ ကျင်းပမယ့် Laver Cup ပြိုင်ပွဲအပြီးမှာ အနားယူတော့မယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ဖက်ဒဲရားထက် ဂရမ်းဆလမ်းအများဆုံးရ ကစားသမားတွေအဖြစ် နာဒယ်လ်က ၂၂ ကြိမ်၊ ဂျိုကိုဗစ်က ၂၁ ကြိမ် ရရှိ ထားတာပါ။တင်းနစ်သမိုင်းမှာ အကျော်ကြားဆုံး ပြိုင်ဖက်တွေဖြစ်တဲ့ နာဒယ်လ်နဲ့ ဖက်ဒဲရားတို့ဟာ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၄၀ အထိ ရှိခဲ့ပါတယ်။

နာဒယ်လ်က ၂၄ ကြိမ်အနိုင်ရခဲ့ပြီး ဖက်ဒဲရားက ၁၆ ကြိမ် အနိုင်ရရှိခဲ့တာပါ။ဖက်ဒဲရားဟာ အသက် ၁၆ နှစ်အရွယ် ၁၉၉၈ မှာ ပရော်ဖက်ရှင်နယ်တင်းနစ်လောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၀၃ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ပထမဆုံး ဂရမ်းဆလမ်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆွဇ်ဇာလန်တင်းနစ်သမားဟာ တတိယအကြိမ်မြောက် ဒူးခွဲစိတ်ပြီးနောက် ၂၀၂၁ ဝင်ဘယ်လ်ဒန်အိုးပန်း ပြိုင်ပွဲပြီးကတည်းက ပြိုင်ပွဲတွေဝင်ရောက်ကစားခြင်း မရှိတော့ပါဘူး။

ဖက်ဒဲရားက “ကျနော်ဟာ ၂၄ နှစ်အတွင်းမှာ ပွဲပေါင်း ၁၅၀၀ ကျော်ကစားပြီးပါပြီ။ အခု ကစားသမားဘဝ ကို အဆုံးသတ်ဖို့ အချိန်တန်ပြီဆိုတာကို ကျနော်အသိအမှတ်ပြုရတော့မှာ ဖြစ်ပါတယ်။တင်းနစ်ပွဲတွေကို ကျနော် အလွန်ချစ်မြတ်နိုးပါတယ်။ဘယ်တော့မှမမေ့နိုင်တဲ့ ပြိုင်ဆိုင်မှုတွေ အများကြီးကစားခဲ့ရလို့ ကျနော် ကံကောင်းခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၂၂ Laver Cup ပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ လန်ဒန်မှာ ကျင်းပသွားမှာဖြစ်ပြီး တင်းနစ်လောကရဲ့နာမည်ကြီးတွေဖြစ်တဲ့ ဖက်ဒဲရား၊ နာဒယ်လ်၊ ဂျိုကိုဗစ်နဲ့ အန်ဒီမာရေး တို့ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source:BBC