CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈

ဘာစီလိုနာအသင်းတိုက်စစ်မှူးသစ် လီဝန်ဒေါစကီးဟာ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလားပွဲမှာ စပိန်ကလပ်အတွက် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ပူးမတ်စ်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ရာသီသစ်မစတင်ခင် နှစ်စဉ်နှစ်တိုင်း နူးကမ့်ပ်ကွင်းမှာ ဂျိုအန်ဂမ်ပါဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ပူးမတ်စ်အသင်းနဲ့ ကစားခဲ့တာပါ။

ဘာစီလိုနာအတွက် ဂိုးတွေကို ပီဒရီက ၂ ဂိုး၊ လီဝန်ဒေါစကီး၊ ဒမ်ဘီလီ၊ ဒီဂျောင်နဲ့ အူဘာမီယန်းတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။အခုအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ရောက်ရှိ လာခဲ့တဲ့ လီဝန်ဒေါစကီးအတွက်တော့ ဒီပွဲမှာ ဘာစီလိုနာဂျာစီနဲ့ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အမေရိကန်ခရီးစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နူးကမ့်ပ်ကွင်းကြီးထဲမှာ ကစားခဲ့ရတဲ့ ပွဲမှာတော့ သွင်းဂိုးရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ဒီပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့အပြင် အသင်းဖော် ပီဒရီသွင်းယူ ခဲ့တဲ့ ၂ ဂိုးစလုံးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လည်း အခုနှစ် ဂျိုအန်ဂမ်ပါဖလားပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ “နူးကမ့်ပ်မှာ ပထမဆုံးပွဲကစားရလို့ ပျော်ရွှင်သလို ဆုဖလား လည်း ရယူနိုင်ခဲ့တယ်” လို့ လီဝန်ဒေါစကီးက ဆိုရှယ်မီဒီယာတစ်ခုကို ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တာကြောင့် ဒီရာသီမှာ အဓိက ကစားသမား အများအပြားကို အားဖြည့်ထားပြီး ဆုဖလားရယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ကတ်တလန်ကလပ်ဟာ ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပါအဝင် ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတာပါ။

ဘာစီလိုနာအသင်းဟာ သြဂုတ်လ ၁၃ ရက်မှာ စပိန်လာလီဂါ ပွဲစဉ် ၁ အဖြစ် အိမ်ကွင်းမှာ ဗယ်လက်ကာနို အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဝန်ဒေါစကီးကတော့ ဒီပွဲမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source:Reuters