CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship က စီစဉ်တဲ့ အထူးပွဲစဉ်အဖြစ် ဘရာဇီးလ်သား နပန်းချန်ပီယံ အန်ဒရီဂါဗယ်လ်အိုနဲ့ ထိုးသတ်မယ်လို့ သိရပါတယ်။

လေးချီထိုးသတ်ရမယ့် အထူးပွဲစဉ်မှာ ပထမအချီနဲ့ တတိယအချီက MMA စည်းမျဉ်းတွေနဲ့ ထိုးသတ်ရမှာဖြစ်ပြီး ဒုတိယအချီနဲ့ စတုတ္တအချီကတော့ နပန်းစည်းမျဉ်းနဲ့ ထိုးသတ်ရမယ်လို့ ONE Championship က ထုတ်ပြန် ထားတာပါ။ဒီအထူးပွဲကို ဘယ်နေ့မှာ ထိုးသတ်မလဲဆိုတာကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။ အောင်လ အန်ဆန်းကတော့ “ဘယ်အချိန်ထိုးသတ်ရမလဲဆိုတာသာ ပြောလိုက်ပါ”လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထား တာဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ မကြာသေးခင်က သူ့ရဲ့ ပိုကောင်းတဲ့ပုံစံအသစ်ကို မြင်တွေ့ရဖို့ ရှိတယ်လို့ ကြုံးဝါးထား သလို နပန်းပညာရပ်ကိုလည်း သင်ကြားနေခဲ့တာပါ။ONE Championship ဝိတ်တန်း ၂ ခုချန်ပီယံဟောင်းဖြစ်တဲ့ အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီးကတည်းက ပြိုင်ပွဲတွေနဲ့ ဝေးကွာ နေပြီး လေ့ကျင့်မှုတွေကိုသာ ပြင်းပြင်းထန်ထန် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။အောင်လအန်ဆန်းဟာ ဒီပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေ ရရှိခဲ့ပေမယ့် ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံဆုတွေကို လက်လွှတ်ခဲ့ရတာပါ။

အန်ဒရီဂါဗယ်လ်အိုကတော့ အခုနှစ် မတ်လကမှ ONE Championship ပြိုင်ပွဲရဲ့ အထူးပွဲစဉ်အဖြစ် ရိုင်နီယာနဲ့ နပန်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ပါတယ်။ဒီပွဲမှာ နှစ်ဦးစလုံအရှုံးအနိုင်မပေါ်တာကြောင့် သရေပွဲဖြစ်ခဲ့တာပါ။အသက် ၃၉ နှစ်အရွယ်ရှိ အန်ဒရီဂါဗယ်လ်အိုဟာ ကမ္ဘာ့နပန်းချန်ပီယံဆုအများအပြားကို ရယူထားနိုင်ခဲ့ပြီး ရှုံးပွဲအနည်းငယ် သာရှိခဲ့ကာ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အန်ဒရီဂါဗယ်လ်အိုဟာ MMA ပွဲစဉ် တွေလည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သေးတာပါ။

သူဟာ MMA ပွဲစဉ်ပေါင်း ၇ ပွဲထိုးသတ်ခဲ့ပြီး ၅ ပွဲအနိုင် ၂ ပွဲရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးထိုးသတ်ခဲ့တာမှာ ၂၀၁၀ က ဖြစ်တဲ့အတွက် ပွဲနဲ့ အနည်းငယ်ဝေးနေခဲ့တာဖြစ်ပါတယ်။အောင်လအန်ဆန်းကတော့ MMA ပွဲစဉ်ပေါင်း ၄၁ ပွဲ ထိုးသတ်ထားပြီး ၂၇ ပွဲအနိုင်ရကာ ၁၃ ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။