CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ပေါ့ဘာကို မန်ချက်စတာယူနိုက်တက် ဂျာစီနဲ့ ပရိသတ်တွေ နောက်ဆုံး မြင်တွေ့ခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဂယ်ရီနဗီးလ်က ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းက လီဗာပူးလ် အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပေါ့ဘာဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် ဒဏ်ရာကြောင့် ပွဲချိန် (၁၀)မိနစ်မှာပဲ လင်ဂတ်နဲ့ လူစားလဲမှု ပြုလုပ်ခဲ့ရပါတယ်။

ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမား ဘက်က ဆုံးဖြတ်ချက် မချရသေးတာပါ။

ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး အသင်းနဲ့ စာချုပ် သက်တမ်း တိုးဖွယ်မရှိ တာလည်း ဖြစ်ပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ် အပါအဝင် အသင်းတချို့က ချိတ်ဆက်မှုတွေ ပြုလုပ် နေ ကြတာပါ။

၂၀၁၆ က မန်ချက်စတာယူနိုက်တက် အသင်းကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ အသင်းနဲ့အတူ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာ ဒဏ်ရာကြောင့် လင်ဂတ်နဲ့ လူစားလဲခံရစဉ်(Sports)

ဂယ်ရီနဗီးလ်က “ဒီဒဏ်ရာက ရက်သတ္တပတ် အနည်းငယ်ကြာခဲ့ရင်တော့ မန်ချက်စတာယူနိုက်တက် ဂျာစီ ဝတ်ဆင်ထားတဲ့ ပေါ့ဘာရဲ့ နောက်ဆုံးမိနစ် ဖြစ်သွားနိုင်ပါတယ်”လို့ Sky Sports ရဲ့ သုံးသပ်ချက်မှာ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ရွိုင်ကိန်းနဲ့အတူ အသင်းရဲ့ အခြေအနေကို အလွန် စိတ်ပျက်နေတာ ဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီကုန်ပိုင်းအထိ အလားအလာ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် ဒီနေ့ မှာ တော့ သူတို့ရောက်ရှိတဲ့ နေရာအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ သူတို့ကို ကြည့်ရတာ ဘာမှမရှိတော့ သလိုပါ။ တကယ်ကို ဘာမှမရှိတော့တာပါ”လို့ ဂယ်ရီနဗီးလ်က ပြောခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ အခြေအနေကြောင့် နည်းပြသစ်နဲ့အတူ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရမယ်လို့ သုံးသပ်နေကြတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြသစ်အဖြစ် အေဂျတ်စ် အသင်းကို ကိုင်တွယ်နေတဲ့ အဲရစ်တန်ဟတ်ကို ခန့်အပ် သွားမှာ ဖြစ်တယ်လို့ သတင်းတွေ အများအပြားက အတည်ပြုထားတာ ဖြစ်ပါတယ်။

Source: Metro