CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၉

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ ချယ်လ်ဆီးအသင်းနဲ့ တဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ဒေါသတကြီးနဲ့ ဥမင်ထဲကို ဝင်သွားခဲ့တယ်လို့ The Mirror က ဖော်ပြပါတယ်။

ရော်နယ်ဒို ဟာ ဒီပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး ၆၄ မိနစ် အရောက်မှ ဆန်ချိုနဲ့ လူစားလဲပြီး ဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းဆီကနေ သရေတစ်မှတ်ခွဲ ယူနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။ဒီပွဲမှာ ချယ်လ်ဆီးအသင်းက ဂိုးပေါက်ကန်သွင်းမှုအများအပြားနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးမရှိသရေ ကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာ ဆန်ချိုက ဂျော်ဂျင်ဟိုရဲ့အမှားကနေတဆင့် ချယ်လ်ဆီးဂိုးသမား မန်ဒီနဲ့ တစ်ဦးချင်းစီတွေ့ပြီး မန်ချက်စတာယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဆန်ချိုရဲ့နေရာ လူစားဝင်ပြီး မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းက ချေပဂိုးရယူသွားခဲ့တာပါ။ဝမ်ဘစ်စကာဟာ ဂိုးဧရိယာထဲမှာ သီယာဂိုဆေးလ်ဗားကို ပြစ်ဒဏ်ကျုးလွန်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒီ ဂိုးဝင်အပြီးမှာ ချယ်လ်ဆီးအသင်းဟာ အလွန် ကောင်းမွန်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် တဖက်တဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဒီပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့လို့ မပျော်ရွှင်ဘဲဖြစ်နေပြီး စိတ်ပျက်စရာ ညနေခင်းလည်းဖြစ်ခဲ့တာပါ။ရော်နယ်ဒိုဟာ ချယ်လ်ဆီးအသင်းကို ဘောလုံးပေးကန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီး အန်သိုနီတေလာကို စောဒကတက်ခဲ့လို့ အဝါကတ်ပြခံခဲ့ရပါတယ်။ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ သူ့ကို အဝါကတ်ပြခဲ့တဲ့ ဒိုင်လူကြီးကို လက်ခုပ်တီးကာ ပြန်တုံ့ပြန်သွားခဲ့ပါသေးတယ်။ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးပေါက် ကန်သွင်းမှုလည်း မပြုလုပ်နိုင်ခဲ့သလို သူ့ရဲ့ကြိုးစားမှုတွေကလည်း အရာမထင်ခဲ့ပါဘူး။

ပွဲပြီးသွားတဲ့ အချိန်မှာ ရော်နယ်ဒို ဟာ ဒေါသတကြီးဖြစ်နေခဲ့ပြီး ချယ်လ်ဆီး ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေကို လက်ဆွဲနှုတ်ဆက်ခြင်းတောင်မရှိတော့ဘဲ ဥမင်ထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ စတမ်းဖို့ ဘရစ်ချ်ကို လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကိုတောင် နှုတ်ဆက်ခြင်းမရှိခဲ့တာပါ။ရော်နယ်ဒိုအနေနဲ့ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊လီဗာပူးလ်တို့နဲ့ ပွဲတွေမှာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး စပါးအသင်းနဲ့ ပွဲတစ်ပွဲတည်းသာ ဂိုးသွင်း၊ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Sourc: Mirror