CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄

ဂျာမနီနိုင်ငံမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံအသင်းတွေကို ကစားသမား ၂၆ ဦး ခေါ်ယူဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံတကာပြိုင်ပွဲကော်မတီအစည်းအဝေးမှာ ကစားသမား ၂၆ ဦးခေါ်ယူမယ့် အပြောင်းအလဲကို မဲပေးခဲ့ကြတာပါ။ 

UEFA ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကိုဗစ်ရဲ့ သက်ရောက်မှုတွေကြောင့် နိုင်ငံအသင်းတွေကို ကစားသမား ၃ ဦးပိုခေါ်ယူခွင့်ပေးခဲ့ပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ ကစားသမား ၂၃ ဦးသာပြန်လည်ခေါ်ယူခွင့်ပြုဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းတွေကို ကစားသမား ၂၆ ဦးခေါ်ယူခွင့်ပေးခဲ့တာပါ။

နိုင်ငံအသင်းနည်းပြတွေဟာ UEFA ရဲ့ ကစားသမား ၂၃ ဦးသာပြန်လည်ခေါ်ယူခွင့်ပေးမယ့် အစီအစဉ်ကို ဝေဖန်မှု တွေပြုလုပ်ခဲ့ကြပြီး မကြာသေးခင်က ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းတွေရဲ့ နည်းပြအစည်းအဝေးမှာ ကစားသမား ၂၆ ဦးနဲ့ ယှဉ်ပြိုင်ဖို့ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

နယ်သာလန်အသင်းနည်းပြ ရော်နယ် ကိုးလ်မန်း က ကစားသမားအရေအတွက်ကို လျှော့ချချင်နေတဲ့ UEFA ရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ကစား သမား ၂၆ ဦးခေါ်ယူမှ ရွေးချယ်စရာတွေပြုလုပ်လို့ရမှာလို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ စကော့တလန် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ပတ်ဒါဆန်၊ဖာဂူဆန်နဲ့ အမ်းစထရောင်းတို့ဟာ ဒဏ်ရာတွေကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကို လွဲချော်မှာဖြစ်လို့ နည်းပြ စတိဗ်ကလာ့ခ်ဟာ ဒဏ်ရာထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့်နိုင်ငံအသင်းတွေဟာ ဇွန် ၇ ရက်နောက်ဆုံးထားပြီး UEFA ထံ လူစာရင်း တင်သွင်း ရမှာပါ။ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Source:BBC