CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆

ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ အဖြစ် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် ၄ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးလ်ပါလ်မာဟာ ဒီပွဲမှာ သွင်းယူတဲ့ဂိုးတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိ ရှိလာခဲ့ပြီဖြစ်ပြီး မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းနဲ့အတူ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ပူးတွဲရပ်တည်နေတာပါ။ 

အဲဗာတန်အသင်းနဲ့ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ၂၀၁၀ ခုနှစ်၊မတ်လက ဖရန့်လမ်းပတ် နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသ နေတဲ့ ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် ၂ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစား ထားပြီး ၂၃ ဂိုးသွင်းယူထားတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၆ နေရာက နယူးကာဆယ်အသင်းထက် ၁ ပွဲလျော့ ကစားထားပြီး ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါ တယ်။

ချယ်လ်ဆီးအသင်းဟာ ဧပြီ ၂၀ ရက်မှာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN