CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉

ဘယ်လ်ဂျီယံကစားသမားဟောင်း ဖယ်လိုင်နီက ယူနိုက်တက်အသင်းမှာ ပထမဆုံး ကစားခဲ့ရတဲ့ရာသီက သူ့ရဲ့ ကစားသမားဘဝမှာ အဆိုးရွားဆုံးရာသီ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဖယ်လိုင်နီက “ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ပထမနှစ်က ကျနော့်အတွက် အလွန်ခက်ခဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဖာဂူဆန်ခေတ်အပြီးမှာ ပထမဆုံးခေါ်ခဲ့တဲ့ ကစားသမားဖြစ်လို့ မလွယ်ကူခဲ့ပါဘူး။ ပထမနှစ် ဟာ ကျနော့်အတွက် အလွန်ခက်ခဲတယ်လို့ အမြဲတမ်းပြောခဲ့ပြီး အသင်းအတွက်လည်း ခက်ခဲခဲ့ပါတယ်။ ကျနော်တို့ဟာ ဆိုးရွားတဲ့ရာသီ ရှိခဲ့တာပါ။ ယူနိုက်တက် ပထမရာသီက ကျနော့် ကစားသမားဘဝရဲ့ အဆိုးရွားဆုံး ရာသီ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အများကြီး ပိုကောင်းခဲ့တယ်”လို့ MU Podcast ကို ပြောခဲ့တာပါ။

မကြာသေးခင်ကမှ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဖယ်လိုင်နီဟာ ယူနိုက်တက်အသင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာက အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ပေါင် ၂၇.၅ သန်းနဲ့ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ 

ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာပြီးနောက်ပိုင်း ယူနိုက်တက်အသင်းကို စပြီးကိုင်တွယ်ခဲ့တဲ့ ဒေးဗစ်မိုယက်စ် အတွက် ဖယ်လိုင်နီဟာ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တာပါ။ 

ဖယ်လိုင်နီကို တွေ့ရစဉ်

ဖယ်လိုင်နီဟာ ဒေးဗစ်မိုယက်စ် လက်ထက် အဲဗာတန်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်း ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒေးဗစ်မိုယက်စ်ကလည်း ယူနိုက်တက်အသင်းနဲ့ ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ၉ လသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။ 

ဖယ်လိုင်နီကတော့ ယူနိုက်တက်အသင်းထံ သူ့ကို ခေါ်ခဲ့တဲ့ နည်းပြ ဒေးဗစ်မိုယက်စ်ကို ဘယ်တော့မှ ဝေဖန်သွား မှာ မဟုတ်ဘူးလို့ အင်တာဗျူးထဲမှာ ပြောခဲ့ပါတယ်။ 

ဖယ်လိုင်နီဟာ ဒေးဗစ်မိုယက်စ် နောက်ပိုင်း ကိုင်တွယ်ခဲ့တဲ့ ဗန်ဟားလ်၊ မော်ရင်ဟိုတို့ လက်ထက်မှာ ခြေစွမ်းပြသ နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူအန်းအသင်းကို ပြောင်းရွှေ့ ခဲ့တာပါ။

ဖယ်လိုင်နီဟာ ယူနိုက်တက်အသင်းအတွက် ၁၇၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၂ ဂိုးသွင်းယူကာ FA ဖလား၊ ကာရာဘောင်း ဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Mirror