CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နည်းပြဘဝက အနားမယူခင် နိုင်ငံအသင်းတစ်သင်းကို အဓိကပြိုင်ပွဲ တစ်ခုမှာ ကိုင်တွယ်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော်ဟာ နိုင်ငံအသင်းတစ်သင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဒါမှမဟုတ် ယူရိုပြိုင်ပွဲမှာ လေ့ကျင့်မှုတွေ ပြုလုပ်ပေးပြီး ကိုင်တွယ်ပေးချင်ပါတယ်။ ဘယ်နိုင်ငံက ကျနော့်ကို လိုချင်လဲဆိုတာ မသိပါဘူး။ ကမ္ဘာ့ဖလား၊ ယူရိုနဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဖြတ်သန်းရတဲ့ အတွေ့အကြုံကို လိုချင်ပါတယ်။ 
အခုကနေ ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်အတွင်း ဘယ်အချိန် ဖြစ်မလဲဆိုတာတော့ မသိပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြချင်တဲ့အတွေ့အကြုံကို ကျနော်အမှန်တကယ် လိုချင်ပါတယ်”လို့ ESPN Brasil ကို ပြောခဲ့တာပါ။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေသေးပြီး စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းဆန် ထားခြင်း မရှိပါဘူး။ 

စပိန်လူမျိုးနည်းပြဟာ အရင်က ဘရာဇီးလ်၊ အင်္ဂလန်၊ အမေရိကန်အသင်းတို့ရဲ့ နည်းပြအဖြစ် ခန့်အပ်ခံရဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ကလပ်အသင်းတွေကိုသာ ကိုင်တွယ်နေခဲ့တာပါ။ 

ဂွာဒီယိုလာကို တွေ့ရစဉ်

အခုအချိန်မှာတော့ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ ဒါမှမဟုတ် ကိုပါအမေရိက ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့ တာမှာ အောင်မြင်မှု အများအပြား ရရှိခဲ့ပြီး အဓိကဆုဖလားပေါင်း ၃၂ ခုအထိ ရယူနိုင်ခဲ့တာပါ။ 

စပိန်လူမျိုးနည်းပြဟာ နိုင်ငံအသင်းကို အဓိကပြိုင်ပွဲတစ်ခုမှာ ကိုင်တွယ်ချင်တဲ့ နည်းပြအတွေ့အကြုံကိုသာ လိုချင်တာဖြစ်ပြီး ဆုဖလားရယူနိုင်ဖို့အထိတော့ ရည်မှန်းထားခြင်း မရှိပါဘူး။ 

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ဘူးဆိုရင် နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်မယ့် ဆန္ဒကို အကောင်အထည်ဖော်ဖို့ ရှိနေတာပါ။

ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်နဲ့ FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Source: ESPN