CNI Sport News
 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ပြီးခဲ့တဲ့ ဇန်နဝါရီအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို လီဗာပူးလ်အသင်း တောင်ပံကစားသမား ဂျိုတာက ရရှိသွားခဲ့ပါတယ်။

ဒီဇင်ဘာလ အကုန်ကမှ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာခဲ့တဲ့ ဂျိုတာဟာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးလ်အသင်းအတွက် ၃ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။

ဂျိုတာဟာ အသင်းဖော်တိုက်စစ်မှူး ဆာလက် မပါဝင်နိုင်တဲ့အချိန်မှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသ နိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နိုင်အောင် ကူညီ ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဂျိုတာဟာ ဇန်နဝါရီအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။

ဂျိုုတာအတွက်တော့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဇန်နဝါရီလမှာ ကစားခဲ့တဲ့ နယူးကာဆယ်၊ ဘုန်းမောက်နဲ့ ချယ်လ်ဆီး ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး တစ်ပွဲကို ၄ ဂိုးစီ သွင်းယူနိုင်ခဲ့တာပါ။ 

ကလော့ပ်ဟာ ဒီပွဲတွေမှာ လီဗာပူးလ်အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် အကောင်းဆုံးနည်းပြ ဆုကို ရရှိခဲ့တာဖြစ်ပြီး ကလော့ပ်အတွက်တော့ လီဗာပူးလ်အသင်း နည်းပြဘဝမှာ ဒီဆုကို ၁၀ ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

အခြားဆုတွေဖြစ်တဲ့ ဇန်နဝါရီအတွက် အကောင်းဆုံး သွင်းဂိုးဆုကို မန်စီးတီးအသင်း လူငယ်ကြယ်ပွင့် အော်စကာဘော့က ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးကာကွယ်နိုင်မှုဆုကို အဲဗာတန်အသင်းဂိုးသမား ပစ်ဖို့ဒ်က ရရှိသွားခဲ့တာပါ။ 

အော်စကာဘော့ဟာ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးနဲ့အတူ လှပတဲ့သွင်းဂိုးကြောင့် ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ပစ်ဖို့ဒ်ကတော့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဖူလ်ဟမ်အသင်း ဂိုးရနိုင်မယ့် အခွင့်အရေးကို လက်စွမ်းပြ ကာကွယ်ခဲ့တာ ကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail