CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈

မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူဟောင်း ဇော်မင်းထွန်းဟာ ထိုင်းလိဂ် ၁ ကလပ် နခွန်ပသွန်အသင်းနဲ့ တစ်ရာသီခွဲ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဇော်မင်းထွန်းဟာ မလေးရှားကလပ် ပီနန်းအသင်းနဲ့ ရာသီအဆုံးသတ်ပြီးနောက်မှာ နခွန်ပသွန်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။

နခွန်ပသွန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၂ မှာ ချန်ပီယံအဖြစ်နဲ့ တန်းတက်လာခဲ့ပြီး ဒီရာသီ ထိုင်းလိဂ် ၁ မှာ ရလဒ်ကောင်းတွေ ရယူထားကာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

နခွန်ပသွန်အသင်းဟာ ဝါရင့်ကစားသမား ဇော်မင်းထွန်းကို အာဆီယံကစားသမား ခေါ်ယူခွင့်အဖြစ် စာချုပ် ချုပ်ဆိုခဲ့တာလို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ဇော်မင်းထွန်းဟာ မလေးရှားကလပ် ပီနန်းအသင်းထံ မပြောင်းရွှေ့ခင် ထိုင်းကလပ်တွေဖြစ်တဲ့ ချောင်ဘူရီမှာ ၂ ကြိမ်၊ ဆူခိုထိုင်းနဲ့ ထရက်အသင်းတွေမှာ ကစားခဲ့ပြီး ထိုင်းဘောလုံးလောကမှာ အတွေ့အကြုံ အများအပြား ရှိခဲ့သူ ဖြစ်ပါတယ်။ 

ဇော်မင်းထွန်းကို တွေ့ရစဉ်

ဇော်မင်းထွန်းကတော့ နခွန်ပသွန်အသင်းအတွက် အစွမ်းကုန် ပေးဆပ်သွားမှာဖြစ်ပြီး အသင်းဖော်သစ်တွေနဲ့အတူ ထိုင်းလိဂ်မှာ အောင်မြင်မှု ရယူနိုင်အောင် တိုက်ပွဲဝင်နိုင်ဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ဘူးလို့ သူ့ရဲ့ ဆိုရှယ် မီဒီယာမှာ ရေးသားထားပါတယ်။

ဇော်မင်းထွန်းဟာ ဇန်နဝါရီ ၅ ရက်မှာ ပြန်စမယ့် နခွန်ပသွန်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်ပြီး ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူဟောင်း ဇော်မင်းထွန်းဟာ ပြီးခဲ့တဲ့ရာသီက မလေးရှားကလပ် ပီနန်းအသင်း အတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတော့ မရှိခဲ့တာပါ။

ပီနန်းအသင်းဟာ ပြီးခဲ့တဲ့ရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။