CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁

ချယ်လ်ဆီးအသင်းအနေနဲ့ ပြဿနာအများအပြားကို ဖြေရှင်းနိုင်ဖို့အတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေထပ်မံခေါ်ယူရမယ်လို့ နည်းပြ ပိုချက်တီနိုက အဲဗာတန်အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

ပိုချက်တီနိုက “ကျနော်တို့ဟာ အဲဗာတန်အသင်းနဲ့ပွဲမှာ ပိုပြီးကောင်းခဲ့ပေမယ့် လိုချင်တာကိုတော့ မရယူနိုင်ခဲ့ ပါဘူး။ ကျနော်တို့ဟာ နိုင်ပွဲတွေမရယူနိုင်တဲ့ အခြေအနေတွေအပေါ် ပြန်ပြီးစစ်ဆေးဖို့ လိုအပ်ပါတယ်။ အဖြစ်မှန် ကိုလည်း ပြန်ပြီးသုံးသပ်ရပါမယ်။ လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ တိုးတက်အောင်ပြုလုပ်ဖို့အတွက် ကျနော်တို့ ဆွေးနွေးမှုတွေပြုလုပ်ရမှာပါ” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၇ ပွဲအထိကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီ ရလဒ်ကြောင့် အဆင့် ၁၂ နေရာအထိ ကျဆင်းသွားခဲ့ပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းနဲ့ ၁၄ မှတ်အထိ ကွာဟ သွားခဲ့တာကြောင့်  ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်ကို စွန့်လွှတ်ရဖို့ သေချာနေတာပါ။ ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ၃ ခုမှာ ပေါင် ၁ ဘီလီယံကျော်သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့် ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ်အများစုဟာ သူမရောက်လာခင်ကတည်းက ရှိနေတာကြောင့် သူကိုယ်တိုင်ခေါ်ယူတဲ့ ကစားသမားတွေနဲ့ အသင်းကို ပြန်ပြီးရလဒ်ကောင်းတွေရယူပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒီရာသီမှာ အဓိက ကစားသမားအများအပြား ဒဏ်ရာရနေခဲ့တာကလည်း ချယ်လ်ဆီး အသင်းအတွက် ရလဒ်ကောင်းတွေရဖို့ ခက်ခဲနေတာဖြစ်ပြီး အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်၊ ဂိုးသမား ဆန်းချက်ဇ်နဲ့ နောက်ခံလူ ကူကူရယ်လာတို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် တန်းဆင်းဇုန်နဲ့ ၄ မှတ်ကွာဟခဲ့ပြီး အဆင့် ၁၇ နေရာမှာ ရပ်တည် နေတာပါ။ ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပြီး အဲဗာတန်အသင်းကတော့ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:DailyMail