CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဂီနီတိုက်စစ်မှူး ဆီလာနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်က စတင်ကာ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီလို့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ကလပ်ဟာ ဆီလာကို အခုနှစ် ဇန်နဝါရီလကမှ ၁ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကစား သမားဟာ ဒီရာသီမှာ ရန်ကုန်ယူနိုက်တက် အသင်းအတွက် ၁၁ ဂိုး သွင်းယူထားပါတယ်။

ဆီလာကို ခေါ်ယူဖို့ အင်ဒိုနီးရှားကလပ် ပါဆီကတ်ဘ်ဘန်ဒေါင်းအသင်းက ကမ်းလှမ်းလာတာကြောင့် ကစားသမား ရဲ့ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးအတွက် စာချုပ်ဖျက်သိမ်းပေးခဲ့တာလို့ ရန်ကုန်ယူနိုက်တက်အသင်းက ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဆီလာဟာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ၂၀၁၇ ကနေ ၂၀၁၈ ခုနှစ်အထိ တစ်ရာသီကြာ ကစားခဲ့ဖူးပြီး ၅၇ ပွဲမှာ ၄၆ ဂိုးသွင်းယူကာ မြန်မာနေရှင်နယ်လိဂ်ဖလားနဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာပါ။

ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ဆီလာကို တွေ့ရစဉ်

ဂီနီတိုက်စစ်မှူးဟာ ရန်ကုန်ယူနိုက်တက်အသင်း မတိုင်ခင်က မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဖြစ်ခဲ့တဲ့ မကွေးအသင်းမှာ ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဆီလာ မတိုင်ခင်ကလည်း ကိုလံဘီယာတိုက်စစ်မှူး ဗလင်စီယာနဲ့ နှစ်ဦး သဘောတူစာချုပ် ဖျက်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဗလင်စီယာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရန်ကုန်ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်မှာ ရတနာပုံအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ထိပ်ဆုံးနေရာက ရှမ်းယူနိုက်တက်အသင်းထက် ၁ ပွဲ ပိုကစားထားကာ ရမှတ် ၃ မှတ် လျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ 

ရန်ကုန်ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၂၆ ရက်မှာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ဟံသာဝတီယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။