CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွက် ချီးမြှင့်တဲ့ ဘောလွန်းဒီအော ဆုပေးပွဲမှာ အမျိုးသားဘောလွန်းဒီအောဆုကို ၈ ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံ ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဟာလန်းနဲ့ ဘတ်ပီတို့ကို အသာရပြီး အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိသွားခဲ့ပါတယ်။

အမျိုးသားဘောလွန်းဒီအော ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ မက်ဆီ၊ ဟာလန်း၊ ဘတ်ပီ၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဗီနီစီးယက်စ်၊ အယ်လ်ဗားရက်ဇ်၊ အိုဆင်ဟမ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ မိုဒရစ်တို့က အစဉ်အလိုက် ရပ်တည်ခဲ့ကြပါတယ်။

မက်ဆီက “ဒီအခိုက်အတန့်ကို ပျော်ရွှင်ဖို့ နောက်ထပ်တစ်ကြိမ် ဒီမှာရှိရတာ အလွန်ကောင်းပါတယ်။ ကမ္ဘာ့ဖလား ကို ဆွတ်ခူးနိုင်ခဲ့ပြီး ကျနော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဘောလွန်းဒီအောဆုတွေ အားလုံး ဟာ မတူညီတဲ့ အကြောင်းပြချက်တွေအတွက် အထူးကောင်းမွန်တဲ့အရာပါ”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။

အမျိုးသမီးဘောလွန်းဒီအော ဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက ပထမဆုံးအကြိမ် ရရှိသွားခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်

အသက် ၂၅ နှစ်အရွယ်ရှိ ဘွန်မာတီဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ အမှတ်ပေးလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့အတူ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သူမဟာ ပြီးခဲ့တဲ့ သြဂုတ်လက UEFA ရဲ့တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကိုလည်း ရရှိခဲ့ပါ တယ်။

ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ ဟာလန်းက အကောင်းဆုံး တိုက်စစ်မှူးဆုဖြစ် တဲ့ ဂတ်မူလာဆုကို ရရှိသွားခဲ့ပါတယ်။ 

အခုရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူပေးနေတဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်တဲ့ Kopa Trophy ကို ရရှိခဲ့ပါတယ်။

ဂိုးသမားဟောင်း ယာရှင်ကို ဂုဏ်ပြုပြီးပေးတဲ့ ယာရှင် Trophy ဆု (တနည်းအားဖြင့်) အကောင်းဆုံး ဂိုးသမားဆု ကိုတော့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ မာတီးနက်ဇ်က ရရှိခဲ့ပြီး အကောင်းဆုံး ကလပ် အသင်းဆုကို မန်စီးတီးအသင်းက ရရှိခဲ့ပါတယ်။ 

အကောင်းဆုံး လူမှုအကျိုးပြု ကစားသမားဆုဖြစ်တဲ့ ဆိုကရေးတီးဆုကို ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Source: BBC