CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးဟန်ဝင်းအောင်က AFC Cup ပထမပွဲ ၂ ပွဲမှာ ရှုံးနိမ့်ထားတဲ့အတွက် ဖိလစ်ပိုင်ကလပ် ဒိုင်းနမစ်ဟတ်ဆီဘူးအသင်းနဲ့ ပွဲမှာ နိုင်ပွဲရအောင် ယူရမယ်လို့ ပြောလိုက်ပါတယ်။

ဦးဟန်ဝင်းအောင်က “ကျနော်တို့ ကစားကွက် ပြောင်းထားတယ်၊ ပြိုင်ဘက်ကိုချဉ်းကပ်တဲ့ ဗျူဟာလည်း ပြောင်း ထားပါတယ်။ အစွမ်းအစရှိသလောက် သင်ပေးထားတဲ့အတွက် ကစားသမားတွေကလည်း အစွမ်းကုန် ကစားကြ မယ်လို့ ယုံကြည်ပါတယ်။ ဆီဘူးအသင်း ပွဲတွေလည်း ကြည့်ထားပါတယ်၊ ပိုအန္တရာယ်ပေးနိုင်တဲ့ သူဆိုတာ မရှိပါ ဘူး။ ပွဲထဲမှာ ပါဝင်နေတဲ့ ကစားသမား ၁၁ ဦးစလုံးက အရေးကြီးပါတယ်၊ ပြိုင်ဘက်အသင်း ဘယ်ကစားသမားက မဆို ပွဲရလဒ်ကို ပြောင်းလဲနိုင်လို့ သတိထား ကစားရမှာပါ"လို့ ပြောခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ AFC CUP ပထမ ၂ ပွဲမှာ မက်အာသာအသင်းကို ၃ ဂိုး- ဂိုးမရှိ၊ ဖနွမ်းပင်ခရောင်း အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ 

ရှမ်းယူနိုက်တက်အသင်းကို တွေ့ရစဉ်

ရှမ်းယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဒိုင်းနမစ်ဟတ်ဆီဘူး အသင်းကလည်း ဖနွမ်းပင်ခရောင်းအသင်းကို ၃ ဂိုး- ဂိုးမရှိ၊ မက်အာသာအသင်းကို ၈ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ထားပါတယ်။ 

အဲ့ဒါကြောင့် ဒီပွဲမှာ ၂ သင်းစလုံးဟာ အမှတ်ရယူနိုင်ဖို့အတွက် ကြိုးစားလာကြမှာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ AFC Cup ပြိုင်ပွဲမှာ ရလဒ်မကောင်းပေမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာတော့ ဒုတိယနေရာက ရန်ကုန်ယူနိုက်တက်အသင်းကို ၆ မှတ်အထိ ဖြတ်ထားပါတယ်။

အခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၆ ပွဲသာ လိုတော့တာကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ အမှတ်ပေး ချန်ပီယံဆုကို ဆက်ထိန်းသိမ်းနိုင်ဖို့ အခြေအနေကောင်းနေလို့ AFC Cup ပြိုင်ပွဲကို ပိုပြီးအာရုံစိုက်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒိုင်းနမစ်ဟတ်ဆီဘူးအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို အောက်တိုဘာ ၂၆ ရက် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။