CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

ပြင်သစ်လီဂူးဝမ်းကလပ် မာဆေးလ်အသင်းဟာ နည်းပြရာထူးက နုတ်ထွက်သွားခဲ့တဲ့ မာဆယ်လီနိုရဲ့နေရာမှာ ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ ဂတ်တူဆိုဟာ မာဆေးလ်အသင်းနဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ကုန်ဆုံးရင် နောက်ထပ်တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေတာပါ။ 

မာဆေးလ်အသင်း နည်းပြဟောင်း မာဆယ်လီနိုဟာ ပြင်သစ်ပရိသတ်တွေနဲ့ ဆက်ဆံရေး တင်းမာခဲ့တာကြောင့် နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

မာဆေးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီး အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။

အီတလီနာမည်ကြီး ကစားသမားဟောင်း ဂတ်တူဆိုဟာ စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းကို နောက်ဆုံး ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၇ လကြာသာ ကိုင်တွယ်ခဲ့ရကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရ တာ ဖြစ်ပါတယ်။ 

ဂတ်တူဆိုကို တွေ့ရစဉ်

အသက် ၄၅ နှစ်အရွယ်ရှိ ဂတ်တူဆိုဟာ နည်းပြဘဝမှာ အေစီမီလန်၊ နာပိုလီအသင်းစတဲ့ ထိပ်သီးအသင်းတွေ ကိုလည်း ကိုင်တွယ်ခဲ့တာပါ။ 

ဂတ်တူဆိုဟာ ကစားသမားဘဝမှာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်၊ စီးရီးအေဖလားတို့ကို ရယူနိုင်ခဲ့သလို အီတလီ လက်ရွေးစင်အသင်းနဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂတ်တူဆိုဟာ နည်းပြဘဝမှာတော့ နာပိုလီအသင်းနဲ့ ကိုပါအီတာလီယာဖလား ၁ ကြိမ်သာ ရယူနိုင်ခဲ့ပြီး အောင်မြင်မှု ကြီးကြီးမားမား မရယူနိုင်ခဲ့ပါဘူး။ 

မာဆေးလ်အသင်းဟာ အောက်တိုဘာ ၁ ရက်မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် မိုနာကို၊ အောက်တိုဘာ ၅ ရက်မှာ ယူရိုပါလိဂ် အုပ်စုပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂတ်တူဆိုဟာ ပြင်သစ်ကလပ်အသင်းရဲ့ နည်းပြအဖြစ် ဒီပွဲတွေကို စတင်ပြီး တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။ 

Source: BBC