CNI Sport News

 ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး အခုနှစ် ဘောလုံးရာသီ ဆုဖလား ၄ လုံး ရယူနိုင်မယ့် အိပ်မက် အဆုံးသတ်သွားခဲ့ပြီးနောက် မန်စီးတီးအသင်းဟာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ရင် ပိုပြီးပျော်ရွှင်မှာလို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒီရာသီ ဆုဖလား ၄ လုံး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ခင်ဗျားတို့ ထင်နေတာလား။ ၃ လုံး ရယူနိုင်ခဲ့ရင် ပိုပြီးပျော်ရွှင်မှာပါ။ ကျနော်တို့ဟာ မယုံနိုင်လောက်အောင် ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ နယူးကာဆယ် အသင်းကလည်း အလွန်ကောင်းမွန်တဲ့အတွက် သူတို့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့် တက်သွားတဲ့ နယူးကာဆယ်အသင်းကို ဂုဏ်ပြုပါတယ်”လို့ ပွဲအပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဒီပွဲမှာ နယူးကာဆယ်အသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို တိုက်စစ်မှူး အိုင်ဆက်ခ်က ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ဆုဖလား ၄ လုံးရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကာရာဘောင်းဖလား တတိယအဆင့်ကနေ စောစီးစွာထွက်ခွာပြီး မျှော်လင့် ချက်တွေကို အဆုံးသတ်ခဲ့ရတာပါ။

မန်စီးတီးနဲ့ နယူးကာဆယ် ယှဉ်ပြိုင်နေစဉ်

ဂွာဒီယိုလာဟာ နယူးကာဆယ်အသင်းနဲ့ ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၇ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှူး ဟာလန်းကို အရန် လူစာရင်း ထဲမှာသာ ထားခဲ့တာဖြစ်ပါတယ်။ 

စပိန်လူမျိုးနည်းပြကတော့ မန်စီးတီးအသင်း အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကို သဘောကျ နှစ်သက်ခဲ့ပြီး ဆုဖလား ၃ လုံးကို ထပ်ပြီးရယူနိုင်ဖို့သာ အာရုံစိုက်ဖို့ ရှိနေတာပါ။

နယူးကာဆယ်အသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တာကြောင့် ကာရာဘောင်းဖလား စတုတ္တအဆင့်မှာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့နှစ် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ စောစီးစွာ လာရောက် တွေ့ဆုံနေခဲ့တာပါ။ 

နယူးကာဆယ်အသင်းဟာ စက်တင်ဘာ ၃၀ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ နယူးကာဆယ်နဲ့ မန်စီးတီး အသင်းတို့ဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

Source: Goal