CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ပိုလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ မဝင်ခဲ့တာကြောင့် ဒေါသထွက်မိခဲ့တယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ပင်နယ်တီမဝင်ခဲ့တဲ့အတွက် ကျနော်ဒေါသထွက်မိပါတယ်။ဒါပေမယ့် ကျနော့်ရဲ့ အမှားကြောင့် အသင်းက ပိုပြီးအားကောင်းလာခဲ့ပါတယ်။ပထမဂိုးရပြီဆိုတာနဲ့ ပွဲကပြောင်းလဲသွားမှာဖြစ်ပြီး သူတို့ဘက်က ဖွင့်ကစားလာမယ်ဆိုတာ ကျနော်တို့ သိပါတယ်။အရင်ပွဲတွေက ကျနော်တို့ကို စိတ်ငြိမ်သက်မှုအများကြီးပေးခဲ့ ပါတယ်။ကျနော်တို့ အနိုင်ရမယ်လို့ပဲတွေးပြီး ကွင်းထဲက ထွက်လာခဲ့တယ်” လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ မက်ဆီ ပင်နယ်တီမဝင်ခဲ့ပေမယ့် အယ်လစ်စတာနဲ့ အယ်လ်ဗားရတ်စ်တို့က အာဂျင်တီးနားအတွက် အဖိုးတန်အနိုင်ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမနေရာရရှိကာ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းဟာ ၁၆ သင်းအဆင့်မှာ သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မက်ဆီက “သြစတြေးလျနဲ့ ပွဲက အလွန်ခက်ခဲမှာပါ။ဘယ်သူမဆိုအနိုင်ရနိုင်ပါတယ်။ကျနော်တို့ အမြဲတမ်း လုပ်ဆောင်နေတဲ့အတိုင်းပဲ ပွဲကိုပြင်ဆင်သွားမှာဖြစ်ပါတယ်။အေးဆေးတည်ငြိမ်စွာနဲ့ပဲ ပွဲကို ကစားသွားမှာပါ။ အခုနောက်ထပ်ကမ္ဘာ့ဖလားစတင်နေပြီဖြစ်ပြီး ဒီနေ့ ကျနော်တို့ လုပ်ခဲ့တဲ့အရာကိုပဲ ဆက်ထိန်းနိုင်ဖို့ မျှော်လင့် ပါတယ်” လို့ ပြောခဲ့ပါတယ်။

အာဂျင်တီးနားကို အရေးနိမ့်ခဲ့တဲ့ ပိုလန်အသင်းကလည်း အုပ်စုတွင်း ဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။အုပ်စုတွင်း နောက်ထပ်ပွဲစဉ်မှာ မက္ကဆီကိုအသင်းက ဆော်ဒီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပိုလန်အသင်းက ဂိုးကွာခြားချက်မှာ အသာရခဲ့တာကြောင့် နောက်တဆင့်တက်နိုင်ခဲ့တာပါ။

ပိုလန်အသင်းကတော့ ၁၆ သင်းအဆင့်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲတွေကို ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source:Goal