CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂

နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ၄ ပွဲ ကစားအပြီးမှာ ထပ်ဆောင်း အချိန်ပို ၆၄ မိနစ်အထိ ပေးထားတာ ဖြစ်ပါတယ်။

ဒီလိုပေးတာက ဖီဖာရဲ့ လမ်းညွှန်မှု အသစ်ကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

France Info ကတော့ ကစားချိန် အများဆုံးရဖို့နဲ့ အချိန်ဆွဲတာကို ရှောင်ရှားနိုင်ဖို့အတွက် ဖီဖာက စည်းမျဉ်းတွေ ချမှတ်တာကြောင့် အခုလို ဖြစ်စဉ် ပေါ်ပေါက်လာလို့ သိရပါတယ်။

ဖီဖာဒိုင်လူကြီးများ ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိပ်တန်းဒိုင်လူကြီးဟောင်း ကိုလီနာက ဘောလုံး ကစားချိန် ပိုမိုရရှိဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ကိုလီနာက “ အထိရောက်ဆုံး အချိန်ကနေ ၄၂၊ ၄၃ နဲ့ ၄၄ မိနစ်တွေမှာ ပွဲတွေကို ရှောင်ရှားချင်ပါတယ်။ ဒါကြောင့် လူစားလဲတာ၊ ပင်နယ်တီ၊ အောင်ပွဲခံတာ၊ ဆေးကုသမှုခံယူတာ၊ VAR ကြည့်တာ စတဲ့ အချိန်တွေကို ပြန်ပြီး ထည့် ပေါင်းပေးသွားမှာပါ”လို့ ပြောပါတယ်။

ဒိုင်လူကြီးဟောင်း ကိုလီနာ ကိုတွေ့ရစဉ် (Getty Images)

အင်္ဂလန်နဲ့ အီရန်အသင်းတို့ ပွဲစဉ်မှာဆိုရင် အချိန်ပို ၂၇ မိနစ်ထိ ပေးခဲ့ပါတယ်။ ဒီလိုပေးခဲ့တာက အီရန်ဂိုးသမား ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူရတာ၊ ဟာရီကိန်း၊ မက်ဂွဲယားတို့ ဒဏ်ရာတွေ ရရှိခဲ့တာ၊ လူစားလဲမှု အများ အပြား ပြုလုပ်တာနဲ့ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ အချိန်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါနဲ့ပွဲမှာ နယ်သာလန်အတွက် သွင်းယူခဲ့တဲ့ ကလာဆန်ရဲ့ ဂိုးဆိုရင် ၉၈ မိနစ် ၁၇ စက္ကန့်မှ ရရှိခဲ့တာပါ။

အင်္ဂလန်နဲ့ပွဲမှာ အီရန်အတွက် တာရီမီ သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးဟာဆိုရင်လည်း ပွဲချိန်မိနစ်က ၁၀၂ မိနစ်နဲ့ ၃၀ စက္ကန့်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ကာတာနဲ့ အီကွေဒေါပွဲမှာ အချိန်ပိုပေးတာ ၁၀ မိနစ်ကျော်အထိ ရှိခဲ့ပြီး၊ နယ်သာလန်နဲ့ ဆီနီဂေါပွဲမှာ ၁၂ မိနစ်ကျော်၊ အမေရိကန်နဲ့ ဝေးလ်စ်ပွဲမှာ ၁၄ မိနစ်ကျော်အထိ ရှိခဲ့တာပါ။

အဲ့ဒါကြောင့် လာမယ့် ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာလည်း ပွဲချိန်မိနစ် ၁၀၀ ကျော်အထိ ပရိသတ်တွေ ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

Source: Daily Mail