CNI News

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄

ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေများကြောင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်လာသည့်အတွက် ရေရှည် ဆေးစွဲ သောက်နေရသော နာတာရှည်ရောဂါ ခံစားနေရသူများသည် အခက်အခဲများ ကြုံတွေ့နေရကြောင်း လပွတ္တာ မြို့နယ်နေ ကင်ဆာရောဂါ ခံစားနေရသူ ဒေါ်နှင်းယဉ်နွယ်က ပြောသည်။

နာတာရှည်ရောဂါများမှာ ကင်ဆာရောဂါ၊ သွေးချိုဆီးချို၊ သွေးတိုးရောဂါ၊ ခြေထောက်သွေး ပြန်ကြောရောဂါနှင့် ကျောက်ကပ်ရောဂါ စသဖြင့် အမျိုးမျိုးရှိကြသည်။

ကင်ဆာရောဂါ ခံစားနေရသူ ဒေါ်နှင်းယဉ်နွယ်က “အန်တီဆိုလို့ရှိရင် ဓာတ်ကင်လည်းပြီးရော ၂ နှစ်လောက် သွား တောင် မပြနိုင်ဘူး။ ၂ နှစ်ကျော်လောက်ရှိတယ် ဆေးကိုလေ။ သူတို့ကတော့ သုံးလတစ်ခါတို့ ဘာတို့ခေါ်တာပေါ့၊ ဒါပေမယ့် အန်တီ မပြနိုင်တော့ဘူး။ မပြနိုင်တော့ဘူးဆိုတာ ကိုယ့်မှာ ငွေရေးကြေးရေး အခက်အခဲက အရမ်းကို ဖြစ်နေတယ်။ ဆေးကုသဖို့ထက် ကိုယ့်မှာက အဖက်ဖက်က ကုန်ကျစရိတ်တွေလည်း ရှိနေတော့ အဲလိုမျိုးတွေ မသွားနိုင် မလာနိုင်၊ အန်တီ ခုဆေးသွားပြတာဆို ၈ လပိုင်းလောက်က တစ်ခေါက်သွားလိုက်တယ်။ မဖြစ်သေးဘူး လေ ငါသွားအုံးမှပဲဆိုပြီး တစ်ခေါက်သွားလိုက်တယ်၊ အဲ့တာတောင် အနည်းဆုံး သုံးသိန်းလောက် ကုန်တယ်၊ အဲ့လိုမျိုးတွေတော့ ရှိတာပေါ့။ အခက်အခဲတွေကတော့ လူတိုင်းကတော့ ရောဂါဖြစ်လာလို့ရှိရင် ပိုက်ဆံရှိမှ မရှိရင် တော့ အသေခံရမှာပဲ ခုကတော့ ဒီလိုမျိုးတွေ ဖြစ်နေတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ဆေးဝါးပစ္စည်းများ ဝင်ရောက်မှု နည်းပါးခြင်း ကြောင့် ဆေးဝါးပစ္စည်းများ ဈေးကြီးနေကြောင်း သိရသည်။

ဆေးများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေစဉ် 

ထို့ကြောင့် လက်လီ/လက္ကား ဆေးဆိုင်များတွင် ဆေးပစ္စည်းများ မတင်နိုင်သေးကြောင်း ဆေးဆိုင်များထံမှ သိရသည်။

ကျန်းမာရေးပညာရှင်တချို့ကတော့ ဆေးပစ္စည်းနှင့် ဆေးဝါး တင်သွင်းမှုကို သက်ဆိုင်ရာက ပိတ်ပင်ထားခြင်း မရှိသည့်အတွက် ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်နေသည်ဆိုခြင်းမှာ ဈေးကစားရန်အတွက် အကြောင်းပြ ချက် ဖြစ်နိုင်ကြောင်း ပြောသည်။

နာတာရှည်ရောဂါ ခံစားနေရသူများသည် ဆေးဝါးများကို အချိန်မှီ မသောက်နိုင်ပါက လက်ရှိရောဂါများအပြင် နောက်ဆက်တွဲ ရောဂါများပါ ဖြစ်လာနိုင်ကြောင်း Hello ဆရာဝန် ကျန်းမာရေး သတင်းအချက်အလက်စာမျက်နှာ တည်ထောင်သူ အယ်ဒီတာချုပ် ဒေါက်တာ သူရိန်လှိုင်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဆီချို တိုင်းထွာနေခြင်း

၎င်းက “အထူးသဖြင့်တော့ နာတာရှည် ရောဂါသယ်တွေမှာ ကင်ဆာလိုမျိုး ၊ ဆီးချိုလိုမျိုး ရောဂါတွေမှာ သူတို့က ဆေးကို ပုံမှန်သောက်ဖို့အတွက်က မဖြစ်မနေ လိုအပ်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးကို မဝယ်နိုင်တဲ့ အခါမျိုးကြတော့ ခုနက ပြောတဲ့ အဖြစ်အပျက်တွေ ဖြစ်တာပေါ့။ ဆေးကို လျှော့သောက်ရတာ ဆေး လုံးဝ မသောက်ရတာတော့ ပိုများတယ်၊ လျှော့ရတာထက်တောင် ပိုများတယ်။ တချို့တွေကျတော့ ဆေး လုံးလုံး မသောက်တော့ဘူး၊ ဥပမာ သွေးတိုးရှိတယ်ဆိုပါစို့ သွေးတိုးရောဂါသယ် တစ်ယောက်က နေ့တိုင်းဆေးသောက်ဖို့ အတွက် လိုအပ်တယ်။ ဒါပေမယ့် သူက အခု ဆေးဈေးတွေက ကြီးတဲ့အခါကြတော့ နေ့တိုင်း မသောက်နိုင်ဘူး၊ နေ့တိုင်းမသောက်နိုင်တဲ့ အခါကြတော့ ဘယ်လိုလုပ်လဲဆိုတော့ တိုးမှ သောက်မယ်ဆိုပြီးလုပ်ရော၊ တိုးမှ သောက်မယ်ဆိုပြီးလုပ်တဲ့ အခါကြတော့ သွေးတိုးနေလား မတိုးဘူးလားဆိုတာ မသိရဘူးလေ။ သူကိုယ်တိုင် မတိုင်းတဲ့ အခါကြတော့ မသိရတဲ့အခါကြတော့ သွေးအရမ်းတိုးပြီးတော့ နောက်ပိုင်းမှာ လေဖြတ်တာတို့ ဘာတို့ အထိ ဖြစ်နိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် နယ်ဘက်ဒေသများမှ နာတာရှည်ရောဂါ ခံစားနေရသူများသည် ဆေးဝါးများ ဝယ်ယူရန်နှင့် ဆေး ကုသမှုခံယူရန် ငွေကြေးမတတ်နိုင်သည့် အခြေအနေများကြောင့် အသက် ဆုံးရှုံးခဲ့ရသူများလည်း ရှိကြောင်း သိရသည်။