ရီးအက်(ဆော်ဒီ)၊ဩဂုတ် ၃၁

ဆော်ဒီအာရေဗျနိုင်ငံမှ ကျောင်းသားများသည် ၁၇ လကြာ အွန်လိုင်းပညာရေးသင်ကြားပြီးနောက် ကျောင်း အသီးသီးသို့ ပြန်တက်ကာ ၎င်းတို့၏ စာသင်နှစ်တစ်နှစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

အသက် ၁၂ နှစ်အထက် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော ကျောင်းသားများကိုသာ ကျောင်းပြန်တက် ခွင့်ပေးခြင်းဖြစ်ပြီး မူလတန်းနှင့်မူကြိုကျောင်းသားများမှာမူ နေအိမ်အတွင်း၌ နေထိုင်စေသည်။

တစ်ချိန်တည်းမှာပင် ကာကွယ်ဆေးအပြည့်အဝမထိုးနှံရသေးသူ(သို့မဟုတ်)အသက် ၁၂ နှစ်အောက် ကျောင်းသားများအတွက် အွန်လိုင်းပလက်ဖောင်းများမှ စာသင်နှစ် စတင်သင်ကြားပေးခဲ့သည်။

အော်ဒီအာရေဗျ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆားအက်ဘင်ဆော်အယ်လ်ဖာဟိုက်သည် ယခု စာသင်နှစ်၏ ပထမဆုံးနေ့တွင် ကိုဗစ်ကြိုတင်ကာကွယ်မှုနှင့် ကျန်းမာရေးစစ်ဆေးရန် ကျောင်းအချို့သို့ သွားရောက်ကြီးကြပ်ခဲ့သည်။

“ကျောင်းသားတွေ လက်ခံဖို့အတွက် ကျောင်းရဲ့အစီအစဉ်တွေ၊ ကျောင်းထဲအဝင်အထွက် စိစစ်တဲ့နည်းလမ်းတွေ၊ စာသင်ခန်းတွေထဲ စားပွဲတွေ ပြန်လည်နေရာချထားရေးတို့နဲ့အတူ အနီးကပ်စောင့်ကြည့်ပေးနေပါတယ်” ဟု အယ်လ်ဖာဟိုက်က ပြောသည်။

ဆော်ဒီအာရေဗျနိုင်ငံတဝန်းရှိ ကျောင်းပေါင်း ၂၅၀၀၀ ကျော်မှ ကျောင်းသားဦးရေ ၆ သန်းကျော်သည် ဩဂုတ် ၂၉ ရက်တွင် လူကိုယ်တိုင်ကျောင်းတက်စေ၍ ပညာရေးလုပ်ငန်းခွင် ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယခုစာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာသင်ရိုးသစ်နှင့်အတန်းသစ် လျှောက်ထားနိုင်မည့် အခွင့်အလမ်းတစ်ခု ရှိနေ၍ ထူးခြားသည့်စာသင်နှစ်ဖြစ်စေရမည်ဟု မျှော်လင့်ထားကြောင်း ဆော်ဒီပညာရေးဝန်ကြီး ဟာမက် ဘင်မိုဟာမက်အယ်လ်ရှိတ်က ပြောကြားခဲ့သည်။