CNI International News

ဟနွိုင်း၊ ဇွန်လ ၈

အမေရိကန်ဒေါ်လာ သန်း ၁၇၀ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာအမှု အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခြင်း ကြောင့် ကျန်းမာရေးဝန်ကြီးနှင့် ဟနွိုင်းမြို့တော်ဝန်တို့ကို ဗီယက်နမ်ရဲများက ဖမ်းဆီးလိုက်ကြောင်း ဗီယက်နမ်အစိုးရ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

Viet A ဟု အမည်ပေးထားသော ပြည်တွင်း အရှုပ်တော်ပုံ တစ်ခုအပြီးတွင် ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်တွင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အရှိန်မြှင့်ခဲ့ရာ ဆေးရုံများသို့ တန်ဖိုးအလွန်မြင့်မားသည့် Covid-19 စမ်းသပ်ကိရိယာ ပံ့ပိုး ရသည့်ကိစ္စ၌ လာဘ်ပေးလာဘ်ယူ အမှုများကို ဗီယက်နမ်အစိုးရ တာဝန်ရှိသူများက ဖော်ထုတ်ခဲ့ကြသည်။

“နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးနှင့် အသုံးချရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သည်”ဟူသော စွပ်စွဲချက်ဖြင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီး နော့အမ်း (Ngoc Anh) ကို ဇွန်လ ၇ ရက်နှောင်းပိုင်းက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ခဲ့သည်။

၎င်းသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း ဆုံးရှုံးလေလွင့်ခြင်း ဖြစ်ပေါ်စေခဲ့ဖူးကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ငုယင်သန့်လောင်နဲ့ နော့အမ်း (GETTY IMAGES)

အလားတူ ဟနွိုင်မြို့တော်ဝန် ငုယင်သန့်လောင် (Nguyen Thanh Long) ကိုလည်း အစိုးရတာဝန် ထမ်းဆောင် နေစဉ် အတွင်း ရာထူးနှင့်လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှု ဖမ်းဝရမ်းထုတ်ခဲ့သည်။

“ပြည်သူ့လုံခြုံရေးကောင်စီက အတည်ပြုပြီးနောက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အနေဖြင့် ဆုံးဖြတ်ချက်များနှင့် အမိန့် များကို ဥပဒေနှင့်အညီ အကောင်အထည် ဖော်ခဲ့ကြောင်း” ၎င်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးခြင်း မပြုမီ တစ်ရက်အလို ဇွန်လ ၆ ရက်တွင် ဗီယက်နမ် ပါတီဝင်များအဖြစ် အာဏာပိုင်များက ထုတ်ပယ်ခဲ့ပြီး ဖြစ်သည်။

Viet A ၏ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းတို့ ပါဝင်ပတ်သက်ခဲ့ကြသည့် ပြည်နယ် အသီးသီး၌ ကပ်ရောဂါ ထိန်းချုပ်ရေးစင်တာ အရာရှိများကိုလည်း မကြာသေးမီ လများအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

Viet A ၏ ညွှန်ကြားရေးမှူးချုပ် ဖန်ကွတ်ဗီယက် (Phan Quoc Viet) သည် ဆေးရုံများနှင့် ထိန်းချုပ်ရေးစင်တာများသို့ မူလ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် အစိုးရအရာရှိများကို လာဘ်ထိုးမှု စွဲချက်ဖြင့် လတ်တလော ရင်ဆိုင်နေရသည်။

Viet A အရှုပ်တော်မှ ပေါ်ပေါက်လာသော အသားတင် ငွေကြေးပမာဏမှာ ဒေါ်လာ ၁၇၂ သနးဖြစ်ပြီး ယခု အဂတိလိုက်စားမှု စစ်ဆေးဖော်ထုတ်အရ ဒေါ်လာ ၃၄ သန်း ပြန်လည်ထွက်ပေါ်လာကြောင်း သိရသည်။

Source: Bangkok Post