CNI International News

ဂျနီဗာ၊ မေ ၂၃

မျောက်ကျောက်ရောဂါ ဖြစ်ပွားနှုန်းကို ပုံမှန်အားဖြင့် မတွေ့ရသေးသော နိုင်ငံများတွင် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ လုပ်ဆောင်ခြင်းဖြင့် ထိုရောဂါဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း ဖော်ထုတ်နိုင်ရန် ခန့်မှန်းကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့က အရေးတကြီး သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရောဂါနှင့်စပ်လျဉ်း၍ မေလ ၂၁ ရက်အထိ အတည်ပြုလူနာ ၉၂ ဦးနှင့် သံသယရှိသူ ၂၈ ဦးတို့ကို WHO အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံထံမှ မိမိတို့ထံ တင်ပြ အစီရင်ခံလာကြောင်း ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီ တစ်ခု ဖြစ်သည့် WHO က ပြောကြားခဲ့သည်။

လာမည့် ရက်ပိုင်းအတွင်း နိုင်ငံအသီးသီးထံသို့ ရောဂါအန္တရာယ် လျော့ပါးသက်သာစေရန်အတွက် မျောက် ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ အပါအဝင် နောက်ထပ်လမ်းညွှန်ချက်များနှင့် အကြံပြုချက်များ ပေးပို့ သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆက်လက် ပြောကြားခဲ့သည်။

“ရရှိနိုင်တဲ့အချက်အလက်တွေကတော့ ရောဂါလက္ခဏာပြတဲ့လူနာတွေနဲ့ အနီးကပ်ကိုယ်ထိလက်ရောက် ထိတွေ့ မိတဲ့သူတွေကနေ လူအချင်းချင်း ကူးစက်ပျံ့နှံ့တာဖြစ်ပါတယ်” ဟု WHO က အသိပေးခဲ့သည်။

မျောက်ကျောက်ရောဂါသည် များသောအားဖြင့် အပျော့စားဖြစ်ပြီး အာဖရိကတိုက်အနောက်ပိုင်းနှင့် အလယ်ပိုင်း တို့တွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါဖြစ်သည်။ ကျောက်ရောဂါနှင့် တူညီသော ရောဂါဗိုင်းရပ်စ်မျိုးစုတွင် ပါဝင်သော်လည်း ၎င်း၏ရောဂါလက္ခဏာများမှာ ကျောက်ရောဂါထက် ပိုမိုပျော့ပျောင်းသည်။

ဖြစ်ပွားသူအများစုသည် ဆေးရုံတက်ရန်အထိ မလိုအပ်ဘဲ ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည် ကောင်းမွန်လာသော်လည်း ရံဖန်ရံခါ သေဆုံးသည်အထိ ပြင်းထန်ကြောင်းလည်း တွေ့ရသည်။

အဆိုပါရောဂါသည် လူအချင်းချင်း အနီးကပ်ထိတွေ့၍ ကူးစက်နိုင်သဖြင့် မိမိကိုယ်ကို သီးခြားခွဲပြီး နေထိုင်ခြင်းနှင့် တကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ခြင်းစသည့်အလေ့အထများဖြင့် ကူးစက်ခံရမှုမှ အလွယ်တကူ ထိန်းသိမ်းနိုင်သည်။

“အခုကူးစက်တာက လိင်အင်္ဂါကနေ အများစုလူဦးရေထဲ ပျံ့နှံ့ရောက်သွားပုံရပါတယ်။ အဲဒီကနေ တကမ္ဘာလုံး ကူးစက်မှု တိုးလာစေတာ။ လိင်ဆက်ဆံရာကနေ ပျံ့နှံ့တတ်တဲ့ ကူးစက်ရောဂါတစ်ခုအဖြစ် ကမ္ဘာ့လူဦးရေထဲ ရောက်ပြီး ဆက်လက်ပျံ့နှံ့နေတာပါ” ဟု WHO မှ ကူးစက်ရောဂါဆိုင်ရာ အထူးကုသမားတော်နှင့် တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေးဗစ်ဟေးမန်း (David Heymann) က ပြောကြားခဲ့သည်။

ရောဂါလက္ခဏာမပြဘဲ ကူးနိုင်/မကူးနိုင်၊ အန္တရာယ်အများဆုံးသူများနှင့် ကူးစက်မှုလမ်းကြောင်း အမျိုးမျိုးတို့ အပါအဝင် ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ လေ့လာရန်၊ အများပြည်သူထံသို့ ဆက်သွယ်ရန် လိုအပ်ချက်များ ကြည့်ရှုရန်တို့အတွက် နိုင်ငံတကာကျွမ်းကျင်ပညာရှင်ကော်မတီကို ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းကော်မတီသည် နိုင်ငံတကာစိုးရိမ်ပူပန်မှုဖြစ်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးအပေါ်အခြေအနေ ကြေညာရန်အထိ အကြံပြုမည့်ကော်မတီ မဟုတ်ကြောင်း၊ WHO ၏ အမြင့်ဆုံးသတိပေးချက်ပုံစံမျိုးဖြစ်သည့် Covid-19 ကူးစက်ရောဂါအရေးကိစ္စနှင့်လည်း သက်ဆိုင်နေကြောင်း ၎င်းက ရှင်းပြခဲ့သည်။

Source: Aljazeera