CNI International News

ဝယ်လင်တန် ဩဂုတ် ၁၅

နယူးဇီလန်နိုင်ငံသည် လာမည့် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ကပ်ရောဂါအန္တရာယ်နည်းသောနိုင်ငံမှ ကာကွယ်ဆေးထိုးနှံပြီးသည့် ခရီးသွားဧည့်သည်များကို ပြန်လည်တံခါးဖွင့်ပေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်တွင် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်းက ကြေညာခဲ့ကြောင်း စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။

ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ပြောကြားသော မိန့်ခွန်းထဲတွင် အာဒန်းက “အစိုးရအနေဖြင့် ကန့်သတ်ထားမှုများ အဆင့်လိုက် ပြန်ဖွင့်ပေးရန် ကာကွယ်ဆေးထိုးအစီအစဉ်ကို ပြင်ဆင်နေကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

“ကျမတို့ အဆုံးစွန်ရည်မှန်းထားတာက ကာကွယ်ဆေးထိုးပြီးသား ခရီးသွားဧည့်သည်တွေ လုံခြုံစိတ်ချစွာနဲ့ ခရီးသွားနိုင်ဖို့ ဖြစ်ပါတယ်။ ကျမတို့ ဦးတည်ချက်နဲ့ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ အပြည့်အဝ ပြန်ဖွင့်ပေးနိုင်တဲ့အနေအထားမျိုး မရှိသေးပါဘူး” ဟု အန်ဒန်းက ပြောသည်။

နယူးဇီလန်နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် Covid-19 ကူးစက်မှုအနိမ့်ဆုံးနိုင်ငံတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ လူဦးရေ ၅ သန်းနီးပါးတွင် ကူးစက်ဖြစ်ပွားသူ ၃၀၀၀ အောက်သာရှိပြီး ၂၆ ဦး သေဆုံးခဲ့သည်။

ယင်းသို့ Covid-19 အနိမ့်ဆုံးဖြစ်ပွားရခြင်းမှာ နယူးဇီလန်နိုင်ငံ၏ နယ်နမိတ်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက ပြည်တွင်းနေထိုင်သူများမှအပ ဝင်ခွင့်ကန့်သတ်ထားခဲ့သည့်အကြောင်းတစ်ခုကြောင့်လည်း ဆိုနိုင်ကြောင်း ဝန်ကြီးချုပ်က ၎င်းမိန့်ခွန်းထဲတွင် ဆက်လက်ပြောကြားထားသည်။

နယူးဇီလန်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ပြည်တွင်းသို့ ပြန်ဝင်လာသည့် ၎င်းနိုင်ငံသားဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံခဲ့ပြီး ရောဂါစောင့်ကြည့်မှု(Quarantine) စည်းမျဉ်းကို မဖြစ်မနေ ၁၄ ရက်နေရန် သတ်မှတ်ခဲ့သည်။

“တကယ်လို့သာ ကျမတို့နယူးဇီလန်ဟာ ဗြိတိန် (ဒါမှမဟုတ်) အမေရိကန်တို့လို အပြင်းအထန်ရိုက်ခတ်ခံရမယ်ဆိုရင် သေဆုံးသူ တစ်သောင်းနီးပါး ရှိသွားမှာဖြစ်ပါတယ်” ဟု အန်ဒန်းက ပြောသည်။

သို့သော် ချမျတ်ထားသည့် Covid-19 စည်းမျဉ်းများကို အလျှော့မပေးဘဲ ကမ္ဘာနှင့်အဆက်ပြတ်၊ အထီးကျန်သည်အထိ ထိန်းချုပ်ထားခဲ့သဖြင့် ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံဖြစ်သော နယူးဇီလန်သည် ကူးစက်မှုဒဏ် အသက်သာဆုံးဖြစ်သွားခဲ့သည်။

“ကျမတို့ နယ်နမိတ်ကန့်သတ်ပြီး အမြဲတမ်း ပိတ်ထားလို့မရဘူး။ ရှင်းရှင်းပြောရရင် ကျမတို့လည်း မပိတ်ချင်ပါဘူး။ ပိတ်ရတယ်ဆိုတာလည်း ကာကွယ်ဆေးမပေါ်ခင် ယာယီအတိုင်းအတာတစ်ခုအရပဲ စီမံကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က တိုင်းပြည်သို့ ရှင်းပြခဲ့သည်။

ပြန်လည်ဖွင့်လှစ်ပေးမည့်အစီအစဉ်၏ အစိတ်အပိုင်းအနေဖြင့် နယူးဇီလန်နိုင်ငံသည် လာမည့် ၂၀၂၂ ခုနှစ်အစောပိုင်းမှစတင်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ခြေရှိသည့် အန္တရာယ်အခြေပြုစနစ်တစ်ခုကို အကောင်အထည်ဖော်သွားရန် ဦးတည်ထားကြောင်း စီအင်န်အင်န်သတင်းအရ သိရသည်။

Source: CNN

#NewZealand
#COVID-19
#Quarantine
#JacindaArdern
#Travelers
#CNINews
#CNIMyanmar
#ChannelNewsIndependent