CNI News

ကွာလာလမ်ပူ ဩဂုတ် ၁

မလေးရှားနိုင်ငံတွင် CanSino ကာကွယ်ဆေး ထွက်ပေါ်နိုင်ရေးအတွက် ကာကွယ်ဆေး ထောက်ပံ့ဖြေရှင်းရေးအဖွဲ့ (Solution Group Bhd-SGB) က Covid-19 ကာကွယ်ဆေးထိုးနှံရေး သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ကြောင်း သတင်းရရှိသည်။

ယင်းစာချုပ်တွင် SolBio ဆိုသည့် ဆေးဝါးအမယ်များကို ဝယ်ယူ၍ CanSino ကာကွယ်ဆေးအား မလေးရှားတွင် အရေးပေါ် သုံးရေး အပြီးသတ် ထုတ်လုပ်သွားရန်ပါသည်ဟု SGB အဖွဲ့က ပြောဆို ထားသည်။

SGB ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ မိုဟာမက်နက်ဇလီကာမယ်က “ပထမဆုံး ကုန်ချောအနေဖြင့် ထွက်ရှိလာသည့် ဆေးဝါးကို ယခုဩဂုတ်လကုန် နောက်ဆုံးထား၍ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ ဆက်လက် ပို့ဆောင်မည့် အစီအစဉ်များလည်း ရှိသေးကြောင်း” ပြောကြားခဲ့သည်။

“ အခုပြောတဲ့ CanSino ကာကွယ်ဆေးဟာ တစ်လုံးတည်း ထိုးရတဲ့ ကာကွယ်ဆေး ဖြစ်တာကြောင့် တစ်နိုင်ငံလုံး ကာကွယ် ဆေးထိုးမယ့် အစီအစဉ်အတွက် ထောက်ပံ့ရတာကော၊ တခြားကိစ္စတွေအတွက်ကော လိုအပ်တဲ့ငွေတွေပါ သက်သာစေ ပါ တယ်”ဟု ၎င်းက ပြောသည်။

ယင်းကာကွယ်ဆေးအတွက် ချုပ်ဆိုထားသည့် သဘောတူစာချုပ် နှစ်ခုစလုံးအရ Covid-19 ကာကွယ်ဆေး ၃ ဒသမ ၅ သန်း ကို မလေးရှား ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးသွင်းရန်နှင့် တခြား ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍနှင့် တခြား အာဆီယံ နိုင်ငံများမှ အော်ဒါများမှာယူပါက ထပ်မံ လက်ခံသွားနိုင်ရန် စီစဉ်ထားသည်။

ထို့ပြင် SolBio အနေဖြင့် တခြား Covid-19 ကာကွယ်ဆေးများနှင့် ကာကွယ်ဆေး ထိုးပြီးသူများအတွက်လည်း လိုအပ်လျှင် အားဖြည့် ဖော်စပ်သုံးစွဲနိုင်ရန် အစွမ်းအာနိသင်ရှိကြောင်း သိရသည်။

“ အခု ကာကွယ်ဆေး ထောက်ပံ့ရေး သဘောတူညီချက်နဲ့ အစိုးရရဲ့ လက်ရှိ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မလေးရှားအစိုးရရဲ့ ကာကွယ်ဆေးထိုးနှံရေး အရှိန်မြှင့်ပေးဖို့ အထောက်အကူ ပေးမယ်လို့လည်း ယုံကြည် ပါတယ်။ ၂၀၂၁ အောက်တိုဘာမတိုင်ခင် Covid-19 ကို တိုက်ထုတ်နိုင်မှာပါ” ဟု ဒေါက်တာ မိုဟာမက်နက်ဇလီကာမယ်က ပြောသည်။

မလေးရှားနိုင်ငံသည် ကာကွယ်ဆေး ထွက်ပေါ်နိုင်ငံရေးအတွက် ထိုင်း၊ ဖိလစ်ပိုင် အစိုးရများနှင့်လည်း ဩဂုတ်လတွင် ဆေးထိုးနှံမှု ၅ သန်းမှ ၁၀ သန်း ရရှိရန် မျှော်မှန်းထားပြီး အရေးပေါ် ကာကွယ်ဆေး သုံးခွင့်အတွက်လည်း ကြိုးပမ်းနေသည်။

မလေးရှားနိုင်ငံတွင် ဇူလိုင်လ နောက်ဆုံး ရက်သတ္တပတ်ထိ Covid-19 ကူးစက်ဖြစ်ပွားသူ တစ်သန်းကျော်သွားခဲ့ပြီ ဖြစ်သည်။

Source: thestar.com