CNI International News

ကက်တာ၊ ဧပြီ ၂၄

ပါကစ္စတန်နိုင်ငံ၊ ကက်တာ (Quetta) မြို့နှင့် ကရာချီ (Karachi) မြို့များမှ မိလ္လာနမူနာများတွင် ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား ၁ (WPV1) ကို တွေ့ရှိခဲ့သဖြင့် ပြည်သူ့ကျန်းမာရေး အရာရှိများအကြား စိုးရိမ်မှုများ ပေါ်ပေါက်စေခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမျိုးသား ကျန်းမာရေးဌာနမှ ဒေသန္တရ ပိုလီယိုကင်းစင်ရေး ဓာတ်ခွဲခန်း၏ အဆိုအရ ထိုနမူနာများသည် အိမ်နီးချင်း အာဖဂန်နစ္စတန်တွင် ပျံ့နှံ့ခဲ့သော ပြည်ပမှဝင်ရောက်လာသည့် ဗိုင်းရပ်စ်၏ YB3A ကူးစက်မှုနှင့် မျိုးဗီဇ ဆက်နွှယ်မှုရှိကြောင်း သိရသည်။

ပါကစ္စတန်တွင် ၂၀၂၁ ခုနှစ်က ပိုလီယိုရောဂါ ကူးစက်မှု အစုအဖွဲ့ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည့်တိုင် ပိုလီယို ဗိုင်းရပ်စ်သည် အိမ်နီးချင်း အာဖဂန်နစ္စတန်တွင် ဆက်လက်ပျံ့နှံ့ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပါကစ္စတန်၌ ရောဂါကူးစက်မှုများ နောက်တစ်ကြိမ် ဖြစ်ပွားစေခဲ့သည်။

ကရာချီမြို့မှ ရယူခဲ့သည့် နမူနာသည် ကေမာရီ (Keamari) ရပ်ကွက်မှ စုဆောင်းရယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရပ်ကွက်ပေါင်း ၃၁ ခုမှ စုဆောင်းရယူခဲ့သည့် နမူနာများတွင် ပိုလီယိုဗိုင်းရပ်စ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ပိုလီယိုဗိုင်းရပ်စ် ရှိ/မရှိ စစ်ဆေးဖို့ နမူနာတွေကို ယူလာစဉ်

အဆိုပါ ဗိုင်းရပ်စ်များ အားလုံးသည် YB3A ပိုလီယိုဗိုင်းရပ်စ် မျိုးဗီဇအုပ်စုနှင့် ဆက်နွှယ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ 

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပိုလီယိုကူးစက်မှု ဖြစ်စဉ်နှစ်ခုသည် ထိုဗိုင်းရပ်စ်နှင့် မျိုးဗီဇဆက်နွှယ်သည် ဟုလည်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

ထိုအချိန် အတောအတွင်း ပါကစ္စတန်၏ ပိုလီယို ကင်းစင်ရေးအတွက် အမျိုးသား အရေးပေါ် လုပ်ငန်းဆောင်တာ များစင်တာ (NEOC) က အလှူရှင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများကို အစည်းအဝေးခေါ်ယူခဲ့ပြီး ပါကစ္စတန် ပိုလီယိုကင်းစင်ရေး အစီအစဉ် (PEI) ကို ကူညီထောက်ပံ့ပေးရန် တိုက်တွန်းခဲ့သည်။

ထိုအစည်းအဝေးကို ဝန်ကြီးချုပ်၏ အမျိုးသားကျန်းမာရေးဌာနမှ တွဲဖက်ညှိနှိုင်းရေး အရာရှိ မာလစ် မွတ်ခ်တာ အာမက် ဘာရက် ( Malik Mukhtar Ahmad Bharath) ၊ ဖက်ဒရယ် ကျန်းမာရေး အတွင်းရေးမှူး နာဒင်းမ် မာဘက် (Nadeem Mehbub) ၊ WHO၊ Uniceef နှင့် Rotary ဖောင်ဒေးရှင်းတို့၏ ကိုယ်စားလှယ်များ၊ ပါကစ္စတန် အမျိုးသား ပိုလီယိုကော်မတီ ဥက္ကဋ္ဌ အဇစ် မီမွန် (Aziz Memon) နှင့် အခြား အလှူရှင် အေဂျင်စီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။

Source: ရိုက်တာ