CNI International News

ဘေဂျင်း၊ ဇန်နဝါရီ ၁၁

တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသားများအတွက် ဗီဇာအသစ်များ ထုတ်ပေးခြင်းကို တရုတ်သံရုံးများက အင်္ဂါနေ့ တွင် ရပ်ဆိုင်းလိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယင်းက ထိုနှစ်နိုင်ငံတွင် တရုတ်မှလာသော ခရီးသည်များကို ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးရမည်ဆိုသည့် သတ်မှတ်ချက်အပေါ် ပေါ်ပေါ်ထင်ထင် ပြန်လည်တုန့်ပြန်ခြင်းလည်း ဖြစ်သည်။

တိုကျိုနှင့် ဆိုးလ်မြို့တို့ရှိ တရုတ်သံရုံးများက ရပ်ဆိုင်းမှုကို အွန်လိုင်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဆိုးလ်မြို့ရှိ တရုတ်သံရုံး ထုတ်ပြန်မှုတွင် တရုတ်လူမျိုးများနှင့် ပတ်သက်သည့် ဝင်ရောက်မှုဆိုင်ရာ ခွဲခြား သတ်မှတ်ချက်ကို တောင်ကိုရီးယားဘက်မှ မဖယ်ရှားမခြင်း ဗီဇာရပ်ဆိုင်းမှုကို ထားရှိသွားမည်ဟု ဖော်ပြသည်။

တရုတ်သံရုံးကိုတွေ့ရစဉ်(AP)

ဗီဇာရပ်ဆိုင်းမှုတွင် အလည်အပတ်၊ စီးပွားရေးနှင့် တခြားသော ဗီဇာအမျိုးအစား တချို့လည်း ပါဝင်သည်။

တရုတ်ခရီးသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု တောင်ကိုရီးယားနှင့် ဂျပန်တို့ဘက်မှ ကြေညာခဲ့ ပြီးနောက် ထိုဆောင်ရွက်ချက်အပေါ် တုန့်ပြန်မှု လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောခဲ့သည်။
ဥရောပ၊ မြောက်အမေရိကနှင့် အာရှဒေသတို့မှ အနည်းဆုံး ၁၀ နိုင်ငံခန့်သည်လည်း ထိုကဲ့သို့ စစ်ဆေးမှုများကို လုပ်ဆောင်မည်ဟု ကြေညာထားသည်။ တရုတ်တွင် ပျံ့နှံ့နေသော ဗိုင်းရပ်စ် အခြေအနေနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်မှု အားနည်းမှုကြောင့်ဟု ဆိုကာ ထိုသို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိ အချိန်အထိ မည်သည့်အတွက်ကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နှစ်နိုင်ငံကို ပစ်မှတ်ထားသလဲ ဆိုသည် နှင့် တရုတ်ခရီးသည်များအပေါ် စစ်ဆေးမှု ပြုလုပ်မည့် တခြားသော နိုင်ငံများကိုပါ ဗီဇာတင်းကြပ်မှု လုပ်ဆောင် သွားမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တောင်ကိုရီးယားလေဆိပ်မှာ ကိုဗစ်တင်းကြပ်နေစဉ် (AP)

တိုကျိုရှိ တရုတ်သံရုံး ထုတ်ပြန်ချက်တွင် ဗီဇာသစ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဟု ဖော်ပြထားသည်။ ထိုကြေညာချက်က အသစ်လျှောက်ထား သူများအတွက်သာ အကျုံးဝင်ကာ ဗီဇာကိုင်ဆောင်ထားပြီး ဖြစ်သူများ နှင့် သက်ဆိုင်မှုမရှိဟု ယူဆရသည်။

တရုတ်မှလာသော ခရီးသည်များအပေါ် ဗိုင်းရပ်စ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်များ ချမှတ်သည့် တောင်ကိုရီးယား အစိုးရ၏ လုပ်ဆောင်ချက်သည် သိပ္ပံနည်းကျ၊ ဓမ္မဓိဌာန်ကျကျ အကြောင်းအရာများပေါ်တွင် အခြေခံကြောင်း၊ တောင်ကိုရီးယားသည် နိုင်ငံတကာ အသိုက်အဝန်းသို့ သတင်းအချက်များကို ပွင့်လင်းမြင်သာ စွာ ပေးပို့ခဲ့ကြောင်းနှင့် အစိုးရအနေဖြင့် တရုတ်ဘက်နှင့် ဆက်သွယ်မှုများ လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကန့်သတ်ချက်များကို ချမှတ်ခြင်းက မလိုလားအပ်သော အခြေအနေသာ ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

Source: AP