CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လာမည့် သင်္ကြန် ၄ ရက်အတွက် မဏ္ဍပ်များတည်ဆောက်ကာ အနုပညာရှင်များဖြင့် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

သင်္ကြန်ပိတ်ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးသွားများ ပိုမိုဝင်ရောက်စေရန်အတွက် ဖျော်ဖြေရေး မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များ ပြုလုပ်ရန် စီစဉ်ထားပြီး အနုပညာရှင်များအား ငှားရမ်းကာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုဖျော်ဖြေပွဲများသို့ လာရောက်ဖျော်ဖြေရန်အတွက် အနုပညာရှင်များအား ငှားရမ်းရန် အနုပညာကြေးများ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“အဲဒါကြောင့် လာမယ့်သူလည်း များမယ်လို့ထင်ပါတယ်။ ပေါက်ဈေးကတော့ လောလောဆယ်တော့ ကျနော်တို့ ဝနကို ကမ်းလှမ်းထားတာတော့ သူက သိန်း ၃၀၀ လောက်တောင်းတယ်။ ချယ်ရီသင်းဆိုရင် ၄၅၀ လောက် ပေါက်တယ်ပေါ့။ ကျနော်တို့ကလည်း အဲဒီငွေ ချိန်တာဖြစ်တဲ့အတွက် အခုတော့ ကျနော်တို့က ဈေးနည်းနည်း သင့်တဲ့ အဆိုတော်လေးတွေကို ကမ်းလှမ်းနေတာမျိုးတွေ ရှိပါတယ်။ သင်္ကြန် ၄ ရက်စာပေါ့ အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ရယ်ပေါ့။ ဒါနာမည်ကြီးအဆိုတော်တွေရဲ့ ပေါက်ဈေးပေါ့လေ။ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးကြည့်တဲ့အခါမှာ သူတို့ရဲ့ ကမ်းလှမ်းလာတဲ့ဈေးပေါ့လေ။ အခု ကျနော်တို့ မိုးအောင်ရင်လည်း ကမ်းလှမ်း ထားတာရှိပါတယ်။ နောက်ပြီးတော့ ရွှေရူပါဦးကိုတော့ ၈၀ နဲ့ ကမ်းလှမ်းထားတာရှိပါတယ်။ မိုးအောင်ရင်ကတော့ ကျနော်တို့ ညှိနှိုင်းဆဲပဲရှိပါသေးတယ်။ မိုးအောင်ရင်ကတော့ သူကလည်း ဒီကမိတ်ဆွေတွေ ရှိတော့လေ အနုပညာ ကြေးတော့ လောလောဆယ် သူမပြောသေးပါဘူး” ဟု ၎င်းက ပြောသည်။

လားရှိုးသင်္ကြန်မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဖျော်ဖြေရေးမဏ္ဍပ်များ ပြုလုပ်ခဲ့ခြင်းမျိုး မရှိသလို အနုပညာရှင်များအား ငှားရမ်းခဲ့ခြင်းမျိုးလည်း မရှိခဲ့ကြောင်းနှင့် လက်ရှိ အနုပညာရှင်များအား သင်္ကြန်ဖျော်ဖြေပွဲအတွက် ငှားရမ်းရသည့် အနုပညာကြေးသည် ကိုဗစ်မတိုင်ခင်ကာလများထက် များပြားလျက်ရှိကြောင်းလည်း သိရသည်။

ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်လာသည့် ခရီးသွားများအပေါ်တွင် ယခုထက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ၊ လုံခြုံမှုများ လုပ်ပေးနိုင်ပါက လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ ပို၍ သဘောကျမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အကြံပြုသည်။

ယခုနှစ် သင်္ကြန်ပိတ်ရက်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ရန်အတွက် နိုင်ငံတော်မှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပေးပါက မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် ယခင်ကထက် ပိုများလာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းတို့က အကြံပြုသည်။