CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းမဟုတ်သော တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသများတွင် လျှပ်စစ်မီး မရှိခြင်း အပြင် လျှပ်စစ်မီး ပုံမှန် မရရှိခြင်းတို့ကြောင့် CCTV တပ်ဆင်ရန် အဆင်မပြေမှုများရှိကြောင်း ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ Wave Money အေးဂျင့်ဆိုင်မှ ကိုအောင်ဖြိုးပိုင်က CNI သတင်းဌာနသို့ ပြောသည်။

Wave Money မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို ငွေလွှဲ၊ ငွေထုတ်သူများ၏ မှတ်တမ်းကို တင်ထားနိုင်ရန် အေးဂျင့်ဆိုင်များမှာ CCTV တပ်ဆင်ခြင်း (သို့မဟုတ်) ငွေလွှဲ၊ ငွေထုတ်သူများအား လျှို့ဝှက် ဓာတ်ပုံ ရိုက်ယူထားကြရန် ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်တွင် အသိပေး ကြေညာခဲ့သည်။

ထို့ကြောင့် လျှပ်စစ်မီး မရရှိသည့် ဒေသများမှ Wave Money နှင့် ချိတ်ဆက်ထားသော အေးဂျင့်ဆိုင်များ ရပ်နား ရမည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

Wave Money အေးဂျင့်ဆိုင်မှ ကိုအောင်ဖြိုးပိုင်က "မှတ်ပုံတင်တွေနဲ့ သူတို့က အဆင်မပြေဘူး၊ CCTV တပ်မယ်ဆို ရင် မီးမှ မရတာ၊ သူတို့က လာထုတ်တယ်ဆိုရင် သိတဲ့လူတွေကချည်းများနေတာကို တစ်ယောက်အကြောင်း တစ် ယောက်သိနေတာ တခြား တစိမ်းတွေတော့ မရှိဘူး။ အရမ်းကြီး အဆင်ပြေတာလည်း မဟုတ်ဘူး မပြေတာလည်း မဟုတ်ဘူး။ ကျနော်တို့ဆီက တောဆိုတော့ လာထုတ်တဲ့ သူမှန်သမျှကို သူတို့မပြေဘူးဆိုတောင် ကိုယ့်ဘက်က ပြေအောင်ပဲ လုပ်ပေးရတယ်။ သူတို့လွှဲမယ့် မှတ်ပုံတင် အဆင်မပြေဘူးဆိုလည်း ကိုယ့် မှတ်ပုံတင်နဲ့ အသိထဲက ဆိုရင်တော့ အဲ့လိုလွှဲပေးတယ်။ တခြားတစိမ်းဆိုရင်တော့ လွှဲမပေးဘူးပေါ့" ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗဟိုဘဏ်၏ Wave Money ဆိုင်များ သတ်မှတ်ချက် (GETTY IMAGES)

Wave Money နှင့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များသည် အသေးစား ငွေလွှဲငွေထုတ်သူများ၊ ရပ်ကွက်အတွင်း အိမ်ဆိုင်ဖွင့်၍ Wave Money ငွေလွဲလုပ်ကိုင်သူများအတွက် အခက်အခဲရှိသည့်အတွက် ရန်ကုန်မြို့အတွင်းက Wave Money အေးဂျင့်ဆိုင်အချို့လည်း ရပ်နားသွားကြောင်း သိရသည်။

Wave Money Call Center က "ညီမတို့ဘက်က ဒီဗားရှင်းလေးကို သုံးရတဲ့ အကြောင်းကလေ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လမ်းညွှန်ချက်ပေါ့နော် အဲ့ဒီမှာ လိုအပ်တဲ့ သုံးစွဲသူ အချက်အလက်တွေကို ရယူနိုင်ဖို့အတွက် ဒီဗားရှင်း လေးကို သုံးစွဲရခြင်း ဖြစ်တယ်။ ငွေ အေးဂျင့်ဆိုင်တွေအတွက် ပိုပြီးလုံခြုံမှု ရှိစေရန်ပေါ့နော်။ အခု wave ဗားရှင်းကို သုံးစွဲဖို့အတွက် အသားမကျသေးဘူးဆိုပေမယ့် တစ်နေ့နေ့ အသားကျပြီးတော့ အဆင်ပြေနိုင်အောင် ညီမတို့ဘက် က လုပ်ဆောင်ပေးနေပါတယ်" ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ ငွေလွှဲ၊ငွေထုတ် လုပ်ငန်းစဥ်များ ပိုမို လုံခြုံ စိတ်ချရစေရန် Wave Money မှ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း wave Money က စက်တင်ဘာ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။