CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၆

ပြည်တွင်း‌ ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုပေးချေရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ထုတ်ပြန်လိုက်သည့်အ‌ပေါ် ကြိုဆိုသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် ဒေါ်လာ ဝယ်ယူသည့်နေရာတွင် အခက်အခဲရှိနေခြင်းနှင့် ဝယ်ယူ၍ မရခြင်းများကြောင့် ယခုလို ဗဟိုဘဏ်မှ သတ်မှတ်လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း ထောက်ပို့ လုပ်ငန်းတစ်ခုဖြစ်သည့် Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသီဟပိုင်က “အဲကိစ္စက သုံးစွဲသူအနေနဲ့တော့ အဆင်ပြေတာပေါ့။ ဒေါ်လာက အခုက ဝယ်ရခက်တယ်လေ။ နိုင်ငံခြား ကုမ္ပဏီက ဒီကိုလာတယ်။ ကျနော်တို့ သင်္ဘောလိုင်းတွေ ပေးချေရတာတွေ ရှိတယ်လေ။ အဲလိုမျိုးပေးရင် သူတို့က ဒေါ်လာနဲ့မှ လက်ခံတယ် လုပ်တာကိုး။ အဲတော့ ဒေါ်လာက လိုက်ဝယ်ရတော့တာပေါ့။ အခုက အပြင်မှာ ငွေလဲကောင်တာတွေကလည်း တရားဝင် ဖွင့်တာ မဟုတ်ဘူးလေ။ ဘဏ်တွေကလည်း ဒေါ်လာကို သွားဝယ်လို့ရတာ မဟုတ်ဘူး။ သူတို့က ကောက်တာပေါ့ ဒေါ်လာ ၃၀၀ ကျတယ်ဆိုရင် ဒေါ်လာ ၃၀၀ ကို လိုက်ဝယ်ရတဲ့ ဒုက္ခက ဥပမာ လုပ်ငန်းတွေ လုပ်နေတဲ့ သူတွေအတွက်က ပြဿနာ မရှိဘူး။ ပုံမှန်လည်ပတ်နေတဲ့ စီးပွားရေး အသေးစားတွေမှာကျတော့ လုပ်ရကိုင်ရတာ ခက်တယ်။ အဲဒီဟာလေး ရဖို့အတွက် မဂိုလမ်းကို ပြေးရတာတို့၊ ဆူးလေကို ပြေးရတာတို့ အလုပ်တွေ ရှုပ်တာပေါ့လေ။ ဆိုတော့ ဒီလိုဖြစ်တာက ကောင်းတယ်လေ။ မြန်မာနိုင်ငံမှာ နေတာပဲ ကျနော်တို့က မြန်မာပြည်နဲ့ လိုက်တယ်။ သူတို့က ကုမ္ပဏီ အကြီးကြီးပဲ သူတို့က မြန်မာငွေပေါက်ဈေးနဲ့ လက်ခံပေး၊ သူ့ဟာသူ ဝယ်ပေါ့။ အဲလိုဆို အဆင်ပြေတယ်”ဟု ပြောသည်။

ထို့နောက် မြန်မာပြည်တွင်း ကုမ္ပဏီ တစ်ခုနှင့်တစ်ခု ပေးချေမှု မတူညီသော်လည်း ယခု ဒေါ်လာ အခက်အခဲကြောင့် မြန်မာ ငွေကျပ်ဖြင့် ပေးချေရခြင်းကြောင့် လုပ်ငန်းလည်ပတ်ရ အဆင်ပြေစေနိုင်ကြောင်း သိရသည်။

မြန်မာငွေဖြင့် ငွေရှင်းနေစဉ်

ဦးသီဟပိုင်က “အခုက သူတို့က ငွေလဲကောင်တာကို တာဝန်ယူချင်တော့ မြန်မာပြည်ထဲမှာနေပြီး ဒေါ်လာကောက်တဲ့အလုပ် ပုံစံမျိုးတွေ လုပ်တာကျတော့ အဆင်မပြေဘူး ကျနော်တို့အတွက်ကလေ။ ကုမ္ပဏီ တစ်ခုနဲ့တစ်ခု ပေးချေတာချင်းတော့ မတူဘူးပေါ့ စီးပွားရေးသဘောအရ။ ဒီအောက်ခြေမှာ အသေးစားတွေအတွက် ကောက်ခံတာကျတော့ အဆင်မပြေဘူး။ အရင် ကတည်းကလည်း ကျနော်လက်မခံဘူး။ ဒီကိစ္စ အကြီးအကျယ် ပြောဖူးတယ်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အထိ ကျနော်တို့ ပြောဖူးတာ ရှိတယ်။ ဒီဟာတော့ ကျနော်တို့ ကြိုဆိုတာပေါ့လေ။ ဘာလို့ဆို လက်ရှိလည်း ဒေါ်လာက ဝယ်လို့မှ မရတာ။ တခြား ငွေလဲကောင်တာတွေကလည်း အကုန်လုံး ပိတ်တယ်။ တချို့ ပေးမဝယ်တာလည်း ရှိတယ်။ ဝယ်လို့ မရတာလည်း ရှိတယ်။ ပြီးတော့ အစိုးရကနေပြီးတော့ ကန့်သတ်ထားတဲ့ ၁၈၀၀ တို့ ဘာတို့လည်း ရှိတော့ အဆင်မပြေဘူးလေ” ဟု ပြော သည်။

မြန်မာငွေဖြင့်သာ ပြည်တွင်း ငွေပေးချေမှု လုပ်ရမည်ဟု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် ကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

နိုင်ငံအတွင်း ရောင်းချ/ဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေနှင့် ရယူ/ ပေးချေ ခြင်းတို့ကြောင့် နိုင်ငံခြားငွေ ကျယ်ပြန့်စွာ အသုံးပြုမှု ဖြစ်လာစေခြင်း၊ နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားလာစေခြင်း တို့အပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်ခြင်းတို့ ဖြစ်ပေါ်စေခြင်းကြောင့် မြန်မာငွေကျပ်ဖြင့်သာ ငွေပေးချေမှု လုပ်ရမည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကတော့ ယခု ထုတ်ပြန်ချက်က နိုင်ငံခြားငွေ လဲလှယ်မှု ဈေးနှုန်းအပေါ် သက်ရောက်မှု မရှိနိုင်သလို ပြောင်းလဲမှု ရှိလာမည် မဟုတ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါက ပုံမှန်ဖြစ်နေကျဟာပဲ။ ဒီမှာ ဒေါ်လာ ဝယ်မရတာကို သိရဲ့သားနဲ့ အတင်းကောက်နေတဲ့ ဟိုတယ်တွေ ၊ ခရီးသွား လုပ်ငန်းတွေ၊ သင်္ဘောလိုင်းတွေ ရှိလို့သာ ဗဟိုဘဏ်က စာထုတ်ပေးလိုက်တဲ့ သဘောပဲလေ။ ကျနော်တို့အတွက်က ဒီဟာက အကြီးစားမှ မဟုတ်တာ။ ဒေါ်လာ ၅၀ - ၁၀၀ ဒီအတိုင်း ဝယ်ရတဲ့ သူတွေအတွက်တော့ အပြောင်းအလဲ မရှိဘူး။ တကယ်တမ်း ဒေါ်လာဈေးကို အဓိက ရိုက်ခတ်တာက သွင်းကုန် ထုတ်ကုန်လုပ်တဲ့ လုပ်ငန်းတွေက အဓိက ရိုက်ခတ်တာလေ” ဟု ပြော သည်။

နိုင်ငံခြားငွေဖြင့် ပေးချေခြင်းကို ဟိုတယ်လုပ်ငန်းများ၊ နိုင်ငံတကာကျောင်းများ၊ နိုင်ငံခြားသားများ နေထိုင်ရေး အိမ်-ခြံ-တိုက်ခန်း ငှားရမ်းမှု လုပ်ငန်းများ၊ စားသောက်ဆိုင် လုပ်ငန်းများ၊ အမှတ်တရ ပစ္စည်းဆိုင်များ စသည့် လုပ်ငန်းများတွင် ဆောင်ရွက်လေ့ရှိသည်။

ထို့နောက် ဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းများနှင့် အဖွဲ့အစည်းများမှ မြေငှားရမ်းခြင်း၊ အာမခံ လုပ်ငန်းများ၊ ဖက်စပ် လုပ်ငန်းများတွင် နိုင်ငံခြားငွေနှင့် လက်ခံ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။