CNI International News

ကိုလံဘို၊ ဧပြီ ၁၉

ဆယ်စုနှစ်များစွာအတွင်း တိုင်းပြည်စီးပွားရေး အကျပ်ရိုက်စေခဲ့သော အမှားများကို မိမိကျူးလွန်မိခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲ ရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သီရိလင်္ကာသမ္မတက ဧပြီ ၁၈ ရက်၌ ဝန်ခံပြောကြားခဲ့ဟု အေပီသတင်း အရ သိရသည်။

သမ္မတ ဂိုတာဘာ ယာရာဂျာပတ်ဆာသည် ဧပြီ ၁၈ ရက်၌ ၎င်းခန့်အပ်လိုက်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးအသစ် ၁၇ ဦး ကျမ်းသစ္စာ ကျိန်ဆိုပွဲ၌ တိုင်းပြည်၏ ဆိုးရွားလှသော စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်နိုင်အောင် ကြိုးပမ်းနေကြောင်း ဝန်ခံ ကတိပြုခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ယခုနှစ်အတွင်း ပြန်ဆပ်ရမည့် နိုင်ငံခြားကြွေးမြီ စုစုပေါင်း ၂၅ ဘီလီယံအနက် ဒေါ်လာ ၇ ဘီလီယံ နီးပါးဖြင့် ဒေဝါလီခံခဲ့ရသည်။ နိုင်ငံခြားငွေ ပြတ်လပ်မှု ဆိုးရွားလာခြင်းကြောင့် ပြည်ပမှ တင်သွင်းသည့်ကုန်ပစ္စည်းကို အလုံ အလောက် ဝယ်ယူရန် အခက်အခဲလည်း ရှိနေသည်။

ပြည်သူများသည် အစားအသောက်၊ မီးဖိုချောင်သုံးဓါတ်ငွေ့၊ လောင်စာဆီနှင့် ဆေးဝါးစသည့် မရှိမဖြစ် ကုန်ပစ္စည်းများ လနှင့် ချီ၍ ပြတ်လပ်ခဲ့မှုကို ကြံ့ကြံ့ခံနေထိုင်ခဲ့ရပြီး အကန့်အသတ်ဖြစ် ကျန်ရှိသည့် အသုံးအဆောင်များကို ဝယ်ယူနိုင်ရေး နာရီပေါင်း များစွာ တန်းစီစောင့်ဆိုင်းခဲ့ရသည်။


လောင်စာဆီ မလောက်လို့ တန်းစီစောင့်နေကြ

“ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်းမှာ ကျနော်တို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီလို ရင်ဆိုင်ခဲ့ရတာဟာ Covid-19 ကပ်ရောဂါအပြင် ကြွေးမြီဝန်ထုပ်ဝန်ပိုးနဲ့ ကျနော်တို့ဘက်က အမှားတချို့ကြောင့်ပါ” ဟု ယာရာဂျာပတ်ဆာက ပြောကြားခဲ့သည်။

“ဒါတွေကို ပြုပြင်ဖို့ လိုပါတယ်။ ပြင်ဆင်ပြီး ရှေ့ဆက်သွားရပါလိမ့်မယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မိမိတို့အစိုးရအနေဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံသို့ အဆောတလျင် ချဉ်းကပ်သင့်ကြောင်း၊ သီရိလင်္ကာ စိုက်ပျိုးရေးကဏ္ဍကို အပြည့်အဝ အော်ဂဲနစ်ကြိုးပမ်းရာ၌ ဓာတုဆေးသုံး ဓာတ်မြေဩဇာ တားမြစ်ပိတ်ပင်ခြင်းမျိုး မပြုလုပ် သင့်ကြောင်း သီရိလင်္ကာသမ္မတ ယာရာဂျာပတ်ဆာ ထပ်လောင်းပြောကြားခဲ့သည်။

ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေဩဇာများကို ပိတ်ပင်ခြင်းသည် နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုကို ထိန်းရန်နှင့် တောင်သူများကို ဆိုးဆိုးရွားရွား ထိခိုက်စေရန် ရည်ရွယ်ကြောင်း ဝေဖန်သုံးသပ်သူများက ပြောကြသည်။

ငွေကြေး တစ်စုံတစ်ရာ အာမခံမပါဝင်ဘဲ အခြေခံ အဆောက်အဦ စီမံကိန်းများအတွက် ပြည်ပချေးငွေ အများအပြား ယူခဲ့ခြင်းအပေါ် သီရိလင်္ကာအစိုးရကို အပြစ်တင် ဝေဖန်စရာ တိုးလာခဲ့သည်။

စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ဒေါသထွက်နေကြစဉ်

“ဒီကနေ့ စီးပွားရေး အကျပ်အတည်းကြောင့် ပြည်သူတွေ ဖိစီးခံနေရပါတယ်။ အဲဒီလို အခြေအနေ ဖြစ်သွားတာ ကျနော် တကယ့်ကို နောင်တရမိတယ်” ဟု သမ္မတ ယာရာဂျာပတ်ဆာက တောင်းပန်ခဲ့သည်။

ပြည်သူများအနေဖြင့် ဈေးနှုန်းကြီးမားလှသော မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများရရှိရန် တန်းစီစောင့်ဆိုင်းရသော ဒုက္ခကြောင့် ဒေါသဖြစ်နေကြခြင်းမှာလည်း တရားနည်းလမ်းကျပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လောင်စာဆီနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ရက်သတ္တပတ် အတန်ကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ သမ္မတနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နုတ်ထွက်ကြဖို့ တောင်းဆိုခဲ့ကြပြီးနောက် သမ္မတက အာဏာဆက်လက် ဆုတ်ကိုင်ထားခဲ့ပြီး ၎င်းအစိုးရအဖွဲ့အတွင်း ဝန်ကြီးအသစ်များ အစားထိုးခန့်အပ်၍ အပြောင်းအလဲပြုလုပ်ခဲ့သည်။

Source: AP