CNI International News

နယူးဒေလီ၊ မေလ ၂၂

အီရန်နိုင်ငံ၊ စစ္စတန်ဘာလူချီစတန် (Sistan Baluchistan) ပြည်နယ်တွင် တည်ရှိသည့် ချာဘာဟာ (Chabahar) မြို့သည် အိန္ဒိယ၏ ဗဟိုအာရှဒေသသို့ ဝင်ပေါက်တစ်ခုသဖွယ် ဖြစ်နေသည်ဟု The Hindu သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။ 

အိန္ဒိယနှင့် အီရန်အကြား ဆက်ဆံရေးများသည် ၁၉၇၉ ခုနှစ် တော်လှန်ရေးမတိုင်မီက အရမ်းနီးစပ်သည့် ဆက်ဆံရေးမျိုး မဟုတ်ပေ။ ထိုအချိန်က အီရန်၏ ရှားဘုရင်သည် အမေရိကန်ဘက်ကို ယိမ်းနေပြီး အိန္ဒိယက မဟာမိတ် မဖွဲ့ရေးမူဝါဒကို တွန်းအားပေး လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်တွင် ပထဝီနိုင်ငံရေး အခြေအနေများကြောင့် အိန္ဒိယနှင့် အီရန်အကြား ဆက်ဆံရေး များ တိုးတက်ကောင်းမွန်လာပြီး  အိန္ဒိယသည် ချာဘာဟာဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လည်ပတ်မှုအတွက် အီရန်နှင့် ၁၀ နှစ်ကြာ လက်တွဲလုပ်ဆောင်မည့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

အနောက်အာရှတွင် တင်းမာမှုများ မြင့်တက်နေသည့်တိုင် အိန္ဒိယသည် အီရန်နှင့် အခြေခံ အဆောက်အအုံနှင့် ကုန်သွယ်ရေး မိတ်ဖက်ဆက်ဆံမှုကို နောက်တဆင့်သို့ မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယသည် ချာဘာဟာမြို့ရှိ ရှာဟစ် ဘီဟက်ရှ်တီ (Shahid Beheshti) ဆိပ်ကမ်းနှင့် ဆက်စပ် စီမံကိန်းများတွင် သင်္ဘောဆိပ်တစ်ခု ထပ်မံတည်ဆောက်ရန် ဒေါ်လာ သန်း  ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကြွေးမြီ ထုတ်ချေးမှုကို ဒေါ်လာ သန်း ၂၅၀ လျာထားသတ်မှတ်ခဲ့သည်။

အီရန်နဲ့ အိန္ဒိယ ခေါင်းဆောင်များကိုတွေ့ရစဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အီရန်နှင့် စီးပွားရေးလုပ်ရန် စဉ်းစားနေသည့် အဖွဲ့အစည်းများအနေဖြင့် သတိထား လုပ်ဆောင်ရန်လိုအပ်ကြောင်း အဘယ်ကြောင့်ဆိုသော် အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့် ဆက်နွှယ်ပြီး အန္တရာယ်ရှိနိုင်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့ပြီးနောက် အိန္ဒိယနှင့် အီရန် အကြား ထိုပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) က အီရန်သို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်အတွင်း ထိုစာချုပ်ကို တရားဝင် အကောင်အထည်ဖော်ခဲ့သည်။

ချာဘာဟာ ဆိပ်ကမ်းသည် အိန္ဒိယအတွက် ကန်သွယ်ရေးလမ်းကြောင်းကို ပြောင်းလဲစေနိုင်ပြီး ဗဟိုအာရှနှင့် ကုန်သွယ်ရေးကို ပိုမိုတိုးတက်ကောင်းမွန် စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: The Hindu