CNI International News

နယူးဒေလီ၊ ဧပြီ ၁၈

အိန္ဒိယနှင့် ရုရှားတို့သည် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (FTA) တစ်ခုအတွက် ဆွေးနွေးနေသည် ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲ ပေါ်ပေါက်လာခဲ့ပြီးနောက် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ မြင့်တက်လာ ခဲ့သည်။

FTA ဆွေးနွေးပွဲများသည် နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှုများ စတင်လာခြင်းဖြစ်သည်။ ထိုဆွေးနွေးမှုသည် ယူကရိန်းအား ကျူးကျော်မှုကြောင့် ရုရှားနှင့် ဝေးဝေးနေရန် အနောက်နိုင်ငံများက အိန္ဒိယအား တောင်းဆိုမှုများ ရှိနေချိန် တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အိန္ဒိယသို့ ရုရှား၏ ပို့ကုန်တင်သွင်းမှုမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄၆ ဒသမ ၃၃ ဘီလီယံအထိ လေးဆကျော် မြင့်တက်လာခဲ့ကာ အများစုမှာ ရေနံဖြစ်သည်။

ရုရှားဒုတိယဝန်ကြီးချုပ် ဒန်းနစ် မန်တူရော့ဗ်ကိုတွေ့ရစဉ်

နှစ်နိုင်ငံ ဈေးကွက်များသို့ ထုတ်ကုန်များ အပြန်အလှန် ဝင်ရောက်ခြင်း ကိစ္စများအပေါ် အထူး အလေးထား ဆောင်ရွက်နေသည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် ဒန်းနစ် မန်တူရော့ဗ် (Denis Manturov) က ဒေလီမြို့မှ အခမ်းအနား တစ်ခုတွင် ပြောခဲ့သည်။

၎င်းသည် ကုန်သွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

Eurasian စီးပွားရေးကော်မရှင်နှင့် ပူးပေါင်းကာ အိန္ဒိယနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိရေး ဆွေးနွေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။

ကိုဗစ်ရောဂါ ဖြစ်ပွားမှုက အိန္ဒိယနှင့် ရုရှား ဦးဆောင်သည့် Eurasian တို့အကြား FTA ရရှိရေး ဆွေးနွေးမှုများကို အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း၊ ထိုသဘောတူညီချက်သည် နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို အမှန်တကယ် ခြားနားမှု ဖြစ်စေခြင်းကြောင့် ယင်းကို စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S. Jaishankar) က ပြောသည်။

ရုရှားဈေးကွက်တွင် လမ်းတည်ဆောက်ဆိုင်ရာ ပစ္စည်း၊ ကိရိယာများ၊ ဓာတုပစ္စည်းများ၊ ဆေးဝါးထုတ်ကုန်များ ဝယ်လိုအား ရှိနေခြင်းကြောင့် ယင်းသည် အိန္ဒိယကုမ္ပဏီများအတွက် ရုရှားသို့ ပို့ကုန်တင်သွင်းမှု မြှင့်တင်ရန် အခွင့်အလမ်း ဖြစ်စေမည်ဟု မန်တူရော့ဗ်က ပြောသည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ် ဂျိုင်ရှန်ကာကိုတွေ့ရစဉ်

ယခု ထုတ်ပြန်မှုသည် အိန္ဒိယ အနေဖြင့် ဗြိတိန်၊ အီးယူနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ စသည် တို့နှင့် FTA ရရှိရေး ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယူကရိန်း အရေးအတွက် အနောက်အုပ်စု၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ပင်မလုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ် ရှိနေချိန်တွင် ရုရှားသည် ကား၊ လေယာဉ်၊ ရထားတို့ကဲ့သို့ အရေးပါသော ကဏ္ဍများအတွက် အိန္ဒိယမှ ထုတ်ကုန် ၅၀၀ ကျော်ကို တင်သွင်းရန် ကြိုးစားနေသည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလတွင် ရိုက်တာက ဖော်ပြခဲ့ဖူးသည်။

ရုရှားအနေဖြင့် ၎င်းတို့နိုင်ငံသုံး ငွေကြေးနှင့် မိတ်ဖက်နိုင်ငံများ၏ ငွေကြေးများအား အသုံးပြုခြင်းကို ချဲ့ထွင်ရန် စဉ်းစားနေသည်ဟု မာတူရော့ဗ်က ပြောသည်။ အိန္ဒိယအနေဖြင့်လည်း ရုရှားနှင့် ကုန်သွယ်ရေးတွင် ၎င်းတို့နိုင်ငံ သုံး ရူပီး အသုံးပြုမှုကို မြှင့်တင်သွားလို နေသည်ဟု သိရသည်။

Source: ရိုက်တာ