CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄

လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာများ ယခင်ကထက် ပိုမိုများပြားလာပြီး အလုပ်အကိုင်ပိုင်းနှင့် ပတ်သက်၍ စုံစမ်းလာသူမှာလည်း ပိုမိုများပြားလာကြောင်း လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လာအိုနိုင်ငံတွင် မြန်မာအများစုသည် အလုပ်ကြမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကာစီနို၊ ဟိုတယ်လုပ်ငန်း၊ ဧည့်ကြိုလုပ်ငန်း အစရှိသည်တို့တွင် အဓိက လုပ်ကိုင်ကြခြင်းဖြစ်ပြီး လုပ်ခလစာအနေဖြင့် တရုတ်ယွမ်ငွေနှင့် ရရှိသကဲ့သို့ ထိုင်းဘတ်ငွေဖြင့်လည်း ရရှိကြောင်း သိရသည်။

သို့သော် လာအိုသို့ လာမည်ဆိုပါက လူခံမရှိလျှင် အခက်အခဲ ဖြစ်စေနိုင်သည့်အပြင် လက်ရှိတွင် သင်္ကြန်အပြီး တရားမဝင် အလုပ်သမားများကို ပြန်လည်စောင့်ကြည့် ဖမ်းဆီးမှုများလုပ်နေသဖြင့် သတိထားကြရန် လာအိုသို့ သွားရောက်အလုပ်လုပ်ကိုင်လေ့ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 လာအိုက အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်နေကြစဉ်

၎င်းက “ပြီးခဲ့တဲ့အထဲကဆို တစ်ရက်ကို ၁၀ ဘီးကား ၄၊ ၅ စီးလောက် သွားတယ်။ အဲဒီအဖွဲ့တွေကြတော့ မဲခေါင်မြစ်ကနေ တြိဂံနယ်မြေမှာ ခိုးကူးတာပေါ့။ ကားကို အဲဒီမှာ ချပြီးတော့ စက်လှေတွေနဲ့ ကူးတာ။ တရားဝင် ကတော့ အခုလောလောဆယ် ပိတ်ထားတယ်ဆိုတော့ ခိုးကူးတာရှိတယ်။ ထိုင်းကနေ ဝင်သွားတာရှိတယ်။ ထိုင်းထဲရောက်ရင် မယ်ဆိုင်မြို့ထဲဝင်သွားပြီး ဘေးနားလေးမှာ ရွှေတြိဂံသွားတဲ့ ကားတွေရှိတယ်။ လာအိုမှာက တကယ်လို့ အလုပ်သွားလုပ်ပြီဆို ဒီက ဝင်ဖို့ပဲအဓိက ရောက်သွားပြီဆိုရင် အဲဒီကြမှ အလုပ်လုပ်တဲ့နေရာ ကုမ္ပဏီ ဖြစ်ဖြစ်၊ အလုပ်ဆိုက်မှာဖြစ်ဖြစ် အဲဒီကနေမှ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာကို သူတို့နဲ့ ညှိနှိုင်း ပြီးလုပ်လို့ရတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီဘက်မှာ လူခံတစ်ယောက်ပေါ့လေ။ လက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ ဖြစ်ဖြစ်၊ ဆိုက်တစ်ခုခုမှာဖြစ်ဖြစ် တစ်နေရာရာမှာ လုပ်ပြီးတော့မှ ရှိနေတဲ့ သူဆိုရင် အဆက်အသွယ်ရရင် ပိုကောင်းတာပေါ့။ ယွမ်နဲ့ပေးရင်တော့ တရုတ်က ၅ ဆလေ။ တရုတ်ငွေ ၁၀ ယွမ်ဆိုရင် ဘတ်ငွေ ၅၀ ပေါ့” ဟု  ပြောသည်။

လက်ရှိတွင် လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဦးရေမှာ ထောင်နှင့်ချီ ရှိနိုင်ကြောင်းနှင့် အခြား စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

ထို့အပြင် လုပ်ခလစာ နှုန်းထားများအနေဖြင့် အောက်ခြေ အလုပ်ကြမ်းဖြစ်ပါက တစ်ရက်လျှင် ဘတ်ငွေ ၃၀၀၊ ကာစီနိုလုပ်ငန်းများဖြစ်ပါက တစ်လ ဘတ်ငွေ ၁၀၀၀၀ ခန့်ရရှိကြောင်းနှင့် တရုတ်ယွမ်ငွေဖြင့် ပေးချေသည့် လုပ်ငန်းများတွင်မူ အနည်းဆုံး ယွမ်ငွေ ၃၅၀၀ (၁၇ သိန်းကျော်) ခန့်အထိ ရရှိကြောင်းလည်း သိရသည်။

လာအိုနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက နေထိုင်ခွင့်ကဒ်အား မဖြစ်မနေ ပြုလုပ်ရန်လိုအပ်ကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက CNI သတင်းဌာနသို့ ပြောသည်။

လာအိုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

၎င်းက “မလုပ်ရင်ကြတော့ ရဲဖမ်းတာတွေရှိတယ်။ ခိုးကူးတွေလည်း ဖမ်းတယ်။ နေထိုင်ခွင့်ကဒ်ကတော့ လုပ်ပေး ရတယ်။ မလုပ်ပေးရင် အဆင်မပြေဘူး။ လာစစ်တဲ့အခါကြရင် အကုန်လုံးပါသွားမှာ။ တချို့ကြတော့ အလုပ်ကြမ်း တွေနဲ့ သွားကြတယ်။ အလုပ်ကြမ်းတွေနဲ့ သွားတဲ့အခါကြတော့ ကုမ္ပဏီတွေက နေထိုင်ခွင့်ကဒ်တွေ ဘာတွေ မလုပ်ပေးဘူး။ ဒီအတိုင်းပဲ အလုပ်သမားခ သက်သာအောင်ဆိုပြီး မြန်မာနိုင်ငံက အလုပ်ကြမ်း လူတွေကိုပဲ ခေါ်သုံး တာ အဲဒီလိုလောက်ပဲ။ အခု တော်တော်များများမှာလည်း အလုပ်မရတဲ့ ဥစ္စာတွေ တွေ့တယ်” ဟု ပြောသည်။

ဧပြီ ၈ ရက်ကစပြီး ဧပြီ ၉ ရက်အထိ လာအိုက တရားမဝင် လောင်းကစားရုံ၊ ကာစီနိုများအား လာအိုရဲတပ်ဖွဲ့မှ ဝင်ရောက် စီးနင်းဖမ်းဆီးသကဲ့သို့ ရွှေ့ပြောင်းလုပ်သားများနေထိုင်သည့် နေရာများတွင်လည်း အထောက်အထားမဲ့ နေထိုင်သူများအား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် နေထိုင်ခွင့်ကဒ် မပြုလုပ်ရသေးသူများအနေဖြင့် အမြန်ဆုံး ပြုလုပ်ထားကြရန် လိုအပ် ကြောင်းလည်း အကြံပြုကြသည်။