CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃

အိန္ဒိယနိုင်ငံက မီဇိုရမ်နယ်စပ်ဂိတ်ကို ပိတ်လိုက်ခြင်းကြောင့် ချင်းပြည်နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ တချို့သော မြို့နယ်များတွင် ကုန်စည်ပြတ်လပ်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ဒေသတွင်းနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မီဇိုရမ်နယ်စပ်ဂိတ်သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်း ကြောင်းဖြစ်သည်။ 

အိန္ဒိယက ရွေးကောက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့မှစတင်၍ ပိတ်လိုက်ခြင်း ဖြစ်သလို မီဇိုရမ်နယ်စပ်ဂိတ်ကိုလည်း ပိတ်လိုက်ခြင်းဖြစ်သည်။

မည်သည့် အချိန်ကာလတွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကိုတော့ မသိရသေးကြောင်း ပလက်ဝမြို့နယ် ဒေသခံများ က ပြောသည်။ 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ပြည်မမှ ကုန်စည်များသည် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ခြင်းမရှိသည့် အတွက် အစားထိုးကုန်စည်အဖြစ် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့သည် အိန္ဒိယကုန်စည်ကို အသုံးပြုနေရကြောင်း၊ ယခုနယ်စပ်ဂိတ် ပိတ်လိုက်သည့်အတွက် ထိုမြို့နယ်များသည် အခက်အခဲ ဖြစ်ပေါ်သွားနိုင် သည်ဟု ပလက်ဝဒေသခံ ဦးအောင်ဒင်က CNI သတင်းဌာနသို့ ပြောသည်။

မီဇိုရမ်နယ်စပ်ဂိတ်ကိုတွေ့ရစဉ်

၎င်းက “ကျောက်တော်တို့ ဘာတို့တောင်မှ စစ်တွေဘက်က စစ်တွေဘက်ကရော၊ အမ်းဘက်ကရော၊ ရေကြောင်း ရော ပစ္စည်းတွေက သယ်လို့မရတော့ အိန္ဒိယကနေ ဆန်၊ ဆီ၊ ဆား၊ တခြားတွေပါ အိန္ဒိယကနေ ဒါတွေကိုပါ အကုန်ပိတ်လိုက်တယ်လေ အခုက။ ဆိုတော့ ချင်း၊ ပလက်ဝ သာမကဘဲ ရခိုင်၊ ကျောက်တော်တို့၊ မြောက်ဦးတို့၊ ပုဏ္ဏားကျွန်းတို့ သူတို့တွေပါ ထိတယ်လေ။ ဘာလို့ဆို စစ်တွေဘက်က ပိတ်တာကြာပြီဆိုတော့ သူတို့တောင်မှ အိန္ဒိယကပစ္စည်းတွေ သုံးတော့တာလေ။ အခု အိန္ဒိယ - ပလက်ဝလမ်း ပိတ်ထားတော့ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝ သာမကဘဲနဲ့ ရခိုင်ဘက်က ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း အဲဒါတွေပါ အကုန်ထိတယ်လေ” ဟု ပြောသည်။

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို နေ့စဥ် ပုံမှန်တင်သွင်း နေသည့် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများကို တင်သွင်းခြင်း မပြုလုပ်ကြရန် ဧပြီ ၁၆ ရက်က အိန္ဒိယ ဘက်မှ ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်ခဲ့သည်။

လက်ရှိတွင် မီဇိုရမ်နယ်စပ်ဂိတ်ကို စတင်ပိတ်လိုက်သည့် ရက်မှစတင်၍ အိန္ဒိယကုန်စည်ကို အဓိက အားထား နေရသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး ကုန်စည်ဝင်ရောက်မှု များလည်း ရပ်တန့်နေပြီဖြစ်သည်ဟု ပလက်ဝဒေသခံ ကိုကျော်ခင်က CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့အတွင်းကို တွေ့ရစဉ်

၎င်းက “ဟိုဘက်က ပစ္စည်းမဝင်တော့ ဘိလပ်မြေ တစ်အိတ်တောင်မှ ၇ သောင်းလောက် တက်တယ်လို့ ပြောတယ် အခု။ ဟိုတနေ့က ကျနော် မေးကြည့်တာတော့ ၅၅,၀၀၀ ရသေးတယ်။ အခု ၇၀,၀၀၀ လောက်တောင်မှ ဝင်ဖို့မရှိတော့ဘူးတဲ့။ လောလောဆယ်တော့ မရဘူးဆိုတဲ့အတိုင်း သူတို့ နားတာပါပဲ။ ဒါပေမယ့် တစ်ယောက် တလေတော့ ညခိုးထွက် ဘာညာတော့ ဒီလိုပဲ တရားဝင်မဟုတ်တော့ မိရင်တော့ ဖမ်းတာပဲလေ။ ဆိုတော့ အခု လောလောဆယ်တော့ ဒီရက်ပိုင်းတော့ လုံးဝ ပိတ်တယ်လို့ပဲ ယူဆရမှာပေါ့။ ဝင်လို့ထွက်လို့ မရဘူးလို့ ပြောရမှာပဲ။ အဲဒီလမ်းကြောင်းကတော့ စက်လှေတစ်လမ်းရှိတယ်။ ကုန်လမ်းက ကားနဲ့ ဆိုင်ကယ်နဲ့ရှိတော့ အဲဒီလမ်း ပိတ်သွား ရင် ဘယ်လိုမှ ထွက်လို့ဝင်လို့ မရဘူး။ ရှိတာလေးကိုစား၊ မရရင် အမ်းလိုပဲ ဝက်စာစားရမလား၊ ရှိတာပဲ စားရ မလား၊ အဲဒါမရှိရင်တော့ သေရုံပဲ ရှိတော့တာပေါ့” ဟု ပြောသည်။

ထို့နောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရေးရာ မူဝါဒ အပြောင်းအလဲကြောင့် တမူး - မိုရေး နယ်စပ်ဖြစ်သည့် မဏိပူပြည်နယ် နယ်စပ်ဂိတ်သည်လည်း ပိတ်ထားလျက်ရှိသည်။ 

 

 

 

 

 

]