CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁

မလေးရှားနယ်စပ်ဂိတ်များမှ ခိုးဝင်လာချိန်တွင် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှား အာဏာပိုင်များထံ အမည်အမှန်ပေးကြရန် မလေးရှား၌ အဖမ်းခံရသူများအား ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အဖမ်းခံရသည့်အခါတွင် မြန်မာနိုင်ငံသားများအနေဖြင့် အမည်အမှန် မပေးခြင်း၊ အမည်အမှန် ပေးသော် လည်း မလေးရှားအာဏာပိုင်များမှာ လူမျိုးခြားဖြစ်သဖြင့် ဘာသာစကားအရ လွဲမှားမှုများရှိပြီး အမည်အမှန် ဖြစ်မသွားခြင်းများကြောင့် လိုက်လံကူညီဆောင်ရွက်ပေးရသည့်အခါတွင် အခက်အခဲများဖြစ်ကြောင်း အဖမ်းခံ ရသူများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု အဲဒီအခက်အခဲက အဓိက ဖြစ်နေပါတယ်။ သူတို့မှာ နာမည်တွေပေးလိုက်ရင် မြန်မာနာမည်ဆိုတာ လည်း မလေးတွေက ပြန်ပေါင်းရင် တစ်မျိုးတွေ တချို့တွေဆို လုံးဝချည်းလွဲသွားတာရှိသလို တချို့တွေကြတော့ လည်း အဖမ်းခံရလို့ရှိရင် နာမည်အမှန်ကို မပေးဘဲနဲ့ ငယ်နာမည်တွေလား ပေါက်ကရနာမည်တွေ လျှောက်ပေး တော့ စုံစမ်းရတာ အင်မတန် ခဲယဉ်းပါတယ်။ နောက်တစ်ခုက ရဲစခန်းတို့ဘာတို့ သွားပြီဆိုရင်လည်း နာမည်နဲ့ဆို ရင် သူတို့က သိပ်ပြီးတော့ ကူညီမှုမပေးချင်ဘူး။ သူတို့လည်း အလုပ်တွေ တအားရှုပ်တယ်လေ။ နာမည်တူတွေ ရှိသလို နာမည်ပေါင်းတာတွေ မှားတာတွေရှိတော့ ပြီးတော့ တစ်ဦးတစ်ယောက်လည်း မဟုတ်ဘူး။ တစ်ခါတစ်ခါ သွားမေးရင် ၁၀ ယောက်အထက်မှာ ချည်းပဲဆိုတော့ အဆင်မပြေဘူး။ နိုင်ငံကူး လက်မှတ်ပါလာလို့ နံပါတ်တွေ ဘာတွေနဲ့ ပြောလိုက်ရင်တော့ ရှာဖွေပေးရ ကူညီပေးရတာလည်း သူတို့အတွက် အဆင်ပြေတော့လေ” ဟု ပြော သည်။

မလေးရှားနယ်စပ်မှာ အဖမ်းခံရသူများကိုတွေ့ရစဉ်

သို့သော် အချို့အဖမ်းခံရသူများတွင် နိုင်ငံကူးလက်မှတ် စာအုပ်များ ပါရှိလာသည့်အတွက် စုံစမ်းရ အဆင်ပြေ ကြောင်းနှင့် အများစုသည် အထောက်အထား တစ်စုံတစ်ရာ မပါရှိသူများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲစားများမှလည်း အဖမ်းခံရသူများ တည်နေရာများအား အတိအကျ မပြောပြသည့်အတွက် သွားရောက် စုံစမ်းကူညီပေးရာတွင် လူတစ်ဦးအား ရှာဖွေပါက ရဲစခန်း ၅ ခုခန့်အထိ လိုက်လံရှာဖွေရကြောင်း မလေးရှား၌ အဖမ်းခံရသူများအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

မလေးရှားအခြေစိုက် ရတနာစက္က နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က “ရဲဖမ်းတယ်ဆိုရင်တော့ ကူညီပေး လို့ရတယ်။ အခုက immigration လ.ဝ.က က ဖမ်းတာဆိုတော့ ဘယ်သူမှ ဝင်ပြီး မကယ်ရဲဘူး။ မလေးရှားမှာ ၁၁ ပြည်နယ်ပေါ့။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းကို သံရုံးက လွှတ်ပေးထားတယ်။ ထောင်ကျတဲ့သူတွေကို မြန်မာပြည်ကို ပြန်လွှတ်ဖို့။ သူတို့ရဲ့ detail အကုန်လုံးယူတာပေါ့။  မွေးရပ်တွေ သူ့ရဲ့ မှတ်ပုံတင် အစစ်တွေ။ အဲဒီကြမှ သိရတာပါ။ လောလောဆယ်ကတော့ သူတို့တွေက နာမည်ပြောင်းတွေနဲ့ ပေးထားတယ်။ သူငယ်ချင်းရဲ့ ပတ်စပို့ မိတ္တူတွေနဲ့ ပြထားတယ်ဆိုတော့ ဟိုဘက်မှာတော့ မမှန်ဘူးပေါ့ အထဲထဲမှာ။ အဲဒီမှာ သံရုံးက ဝင်ရောက် စစ်တော့မှ သူတို့ရဲ့ မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ၊ မိသားစုနဲ့ ပြန်ဆက်သွယ်ပြီးမှသာ အမှန်အတိုင်း ရတာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

 မလေးရှားနယ်စပ်မှာ အဖမ်းခံရသူများကိုတွေ့ရစဉ်

လက်ရှိတွင် မလေးရှားနိုင်ငံ၌ နှစ်သစ်ကူးကာလ ဖြစ်သည့်အတွက် အော်ပရာစီ အဖမ်းအဆီးများမှာ ပြီးခဲ့သည့် မတ်လအထိကဲ့သို့ မများတော့ကြောင်းလည်း သိရသည်။

သို့သော် နှစ်သစ်ကူးကာလ ပြီးပါက အဖမ်းအဆီးများမှာ ပြန်လည် များလာနိုင်ဖွယ်ရှိကြောင်းလည်း မလေးတွင် အဖမ်းခံရသူများအား ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

ထို့အပြင် အထောက်အထား၊ ပါမစ်တို့တွင် ပါရှိသည့် အလုပ်နေရာများနှင့် မတူညီဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာများအား မလေးရှား လ.ဝ.ကထံ ဖမ်းဆီးခံရပါက ယခင်ကဲ့သို့ အာမခံဖြင့် ပြန်လွတ်ရန် မလွယ်ကူတော့‌ ကြောင်းလည်း သိရသည်။