CNI International News

ဘန်ကောက်၊ မတ်လ ၃၀

ထိုင်းနိုင်ငံတွင် ကာစီနိုရုံများကို တရားဝင်ဖွင့်ခွင့်ပေးမည့် ဥပဒေမူကြမ်းကို အစိုးရက ရေးဆွဲမည်ဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလုပ်ဆောင်ချက်သည် အလုပ်အကိုင် အခွင့်အလမ်းများနှင့် နိုင်ငံ့ဝင်ငွေများကို ပိုမိုများပြား စေနိုင်လိမ့်မည်ဖြစ် သည်။

အဆိုပါ အစီအစဉ်ကို ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကလည်း ထောက်ခံခဲ့သည်။

ကာစီနိုရုံများသည် ထိုင်းတွင် တရားမဝင်ဘဲ အစိုးရက ထိန်းချုပ်ထားသည့် မြင်းပြိုင်ပွဲများကိုသာ လောင်းခွင့်နှင့် ထီကံစမ်းခွင့်များကိုသာ ခွင့်ပြုထားသည်။ 

 ထိုင်းလောင်းကစားရုံကို တွေ့ရစဉ်

သို့သော် တရားမဝင် လောင်းကစားမှုများ၊ ဘောလုံးပွဲ လောင်းမှုများ၊ တရားမဝင် ကာစီနိုရုံများနှင့် ချဲထီ လုပ်ငန်း များမှာ တည်ရှိနေသည်။

လောင်းကစားလုပ်ငန်း အသိုင်းအဝိုင်းကမူ ထိုင်းတွင် တရားဝင် ကာစီနိုရုံများ ခွင့်ပြုပေးလိုက်မည်ဆိုပါက  ခရီးသွားများကို ပိုမိုဆွဲဆောင်ရာ၌ အောင်မြင်မှုရရှိမည်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လောင်းကစား လုပ်ငန်း တည်ရှိသည့် မက္ကာအိုကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယူဆထားကြသည်။

"နိုင်ငံအတွင်း တရားမဝင် လောင်းကစား လုပ်ငန်းတွေ ရှိနေတယ်ဆိုတာ ကျနော်တို့ ဝန်ခံရပါမယ်။ အဲဒီ တရားမဝင် လောင်းကစား လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းနေပေမယ့် ပပျောက်မသွားနိုင်ပါဘူး။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ဒါကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်" ဟု ဒုနိုင်ငံခြားရေးဝန်ကြီး ဂျာလူပန် အမ်မော်ဗီဗက် (Julapun Amornvivat)က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်းအလုပ်သမားတွေကိုတွေ့ရစဉ်

ထို့နောက် စင်္ကာပူနိုင်ငံကို အတုယူရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

ထိုင်းလွှတ်တော်သည် လောင်းကစား လုပ်ငန်းများနှင့်ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ်နေသည့် သတင်း ထွက်ပေါ်လာခဲ့ပြီး ဂီတဖျော်ဖြေရေး ခန်းမများနှင့် မွေထိုင်းလက်ဝှေ့ရုံများ၊ ကြက်တိုက်သည့် နေရာများနှင့် မြင်းပြိုင်ပွဲများကဲ့သို့ အခြားပွဲလမ်းသဘင် အခမ်းအနားများအတွက်လည်း လေ့လာနေကြောင်း သိရသည်။

ထိုအစီအစဉ်တွင် ထိုကဲ့သို့ အဆောက်အအုံများ မည်မျှ တည်ဆောက်မည် ဆိုခြင်းကို အသေးစိတ် ဖော်ပြ မထားသော်လည်း လေဆိပ်များနှင့် ၁၀၀ ကီလိုမီတာ (၆၂) မိုင် အကွာအဝေးအတွင်း ထားရှိရန် အကြံပြု ထားသည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ပြည်ပခရီးသွား သန်း ၄၀ လာရောက်စေရန် ရည်မှန်းထားသည်။

ထိုင်းတွင် ယခင်ကလည်း လောင်းကစား လုပ်ငန်းများကို တရားဝင် ခွင့်ပြုရေးအတွက် ဆွေးနွေးခဲ့ဖူးသော်လည်း ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် အကောင်အထည် ပေါ်လာခဲ့ခြင်းမရှိပေ။

၂၀၂၁ ခုနှစ် ပြည်သူ့သဘောထားဆန္ဒ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၄၇ ရာခိုင်နှုန်းက ရာဇဝတ်မှုများကို စိုးရိမ် သဖြင့် လောင်းကစားကို တရားဝင်ခွင့်ပြုရန် ဆန့်ကျင်ခဲ့ပြီး ၂၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ကာ ၁၈ ရာခိုင်နှုန်းက လောင်းကစားကို တရားဝင် ခွင့်ပြုမည့် အိုင်ဒီယာကို တစ်စိတ်တစ်ပိုင်း သဘောတူကြောင်း ဖြေကြားခဲ့သည်။

Source: ရိုက်တာ