CNI International News

ဟောင်ကောင်၊ မတ်လ ၂၀

တရုတ်နိုင်ငံသည် စီးပွားရေး စိန်ခေါ်မှုများနှင့် ရုန်းကန်နေရချိန်တွင် ဟောင်ကောင်၌ ချမ်းသာသော မိသားစုများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများကို စီမံကိုင်တွယ်ပေးရသည့် မိသားစုအကျိုးဆောင်ကုမ္ပဏီများက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား အိန္ဒိယသို့ ရွှေ့ပြောင်းရန် မျက်စိကျလာခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အိန္ဒိယသည် လာမည့်နှစ်များအတွင်း စီးပွားရေး သိသာစွာ ကျယ်ပြန့်လာလိမ့်မည်ဟု ထင်ကြေးပေးမှုများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများက အာရှတွင် အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်များ၌  ရင်းနှီး မြှုပ်နှံရန် စီစဉ်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

 Raffles Family Office ကုမ္ပဏီ၏ စီအီးအို ဝီလျံ ချောင်ကို တွေ့ရစဉ်

"တရုတ်နိုင်ငံနဲ့ ရင်ဘောင်တန်းပြီး အိန္ဒိယဟာ မဟာဗျူဟာကျတဲ့ နောက်ထပ် ဈေးကွက်တစ်ခုအဖြစ် ရှုမြင် ခံထားရပြီး အိန္ဒိယရဲ့ အလားအလာအပေါ် အပြုသဘောဆောင်တဲ့ ထင်ကြေးပေးမှုတွေ ရှိခဲ့ကြပါတယ်" ဟု ဟောင်ကောင်အခြေစိုက် မိသားစုအကျိုးဆောင် Raffles Family Office ကုမ္ပဏီ၏ စီအီးအို ဝီလျံ ချောင် (William Chow) က ပြောကြားခဲ့သည်။

"အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကအချက်အချာ နေရာတစ်ခုဖြစ်နေတယ်လို့ ကျနော်တို့ ယုံကြည်ပါ တယ်။ လက်ရှိ ကျနော်တို့ ကုမ္ပဏီဟာ ကျနော်တို့ တာဝန်ယူထားတဲ့ မိသားစုတွေရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်အထိကို အိန္ဒိယကို ရွှေ့ပြောင်းဖို့ ချဉ်းကပ်လုပ်ဆောင်နေပါတယ်" ဟု ချောင်က ပြောကြား ခဲ့သည်။

ဟောင်ကောင်လမ်းပေါ်မှာ အိန္ဒိယအလံနဲ့လူတစ်ဦးကိုတွေ့ရစဉ်

အိန္ဒိယ၏ စတော့ဈေးကွက် ရင်းနှီးမတည်ငွေသည် ဇန်နဝါရီ ၂၃ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင် ၏ စတော့ဈေးကွက်ကို ကျော်လွန်သွားခဲ့ကြောင်း၊ ထိုရက်က အိန္ဒိယ၏ စတော့ဈေးကွက် ရင်းနှီးမတည်ငွေသည် ဒေါ်လာ ၄ ဒသမ ၃၃ ထရီလျံ ရှိခဲ့ကာ ဟောင်ကောင်၏ စတော့ဈေးကွက် ရင်းနှီးမတည်ငွေသည် ဒေါ်လာ ၄ ဒသမ ၂၉ ထရီလျံ ရှိခဲ့သည်။

ထို့ကြောင့် အိန္ဒိယ၏ စတော့ဈေးကွက်သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာခဲ့သည်ဟု SCMP က ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်သတ်မှတ်သည့် Moody အေဂျင်စီ၏ မကြာသေးမီက ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွက် အိန္ဒိယ၏ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်ကို ယခင် ၆ ဒသမ ၁ ရာခိုင်နှုန်းမှ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အိန္ဒိယ၏ ဂျီဒီပီသည် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့ပြီး ခိုင်မာအားကောင်းသည့် ကုန်ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေး ကဏ္ဍများကြောင့် စတုတ္တ ၃ လပတ်ကာလတွင် အိန္ဒိယ၏ ဂျီဒီပီသည် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိရှိခဲ့သည်။

Source: SCMP