CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

လက်ရှိ မြန်မာနိုင်ငံတွင် နယ်မြေမတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပွားနေ၍ တန်ဆောင်တိုင်ပိတ်ရက် ခရီးသွားလာ ရန် ဟိုတယ်ဘိုကင် လုပ်ထားမှုများကို ယခုရက်ပိုင်းအတွင်း ပယ်ဖျက်လာကြကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဟိုတယ်ဘိုကင် ဖျက်သိမ်းလာကြသည့် ခရီးစဉ်ဒေသမှာ ကမ်းခြေဒေသများဖြစ်ပြီး အများစုသည် ငပလီ ကမ်းခြေ၌ ဟိုတယ်ဘိုကင် ယူထားကြသူများဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးနောင်းနောင်းဟန်က “ပထမတော့ ဒီရက်တွေကလေ တန်ဆောင်တိုင်ရက်တွေက အကုန်လုံးအခန်းတွေ ပြည့်နေတယ်ပေါ့လေ။ အခန်းတွေရော ဘိုကင်တွေရော အများကြီးရတယ်။ အခုနောက်ပိုင်းမှာတော့ ဒီရက်ထဲ မှာတော့ cancelation တွေ ဖြစ်တယ်လို့ ကြားပါတယ်။ ခရီးသည်တွေက ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ cancel လုပ်ကြတယ်ပေါ့နော်။ ငပလီဘက်တွေမှာ တော်တော်များများ cancel လုပ်သွားကြတယ်။ ဒီရက်ထဲမှာတော့ cancel လုပ်တာလေးတွေ တော်တော်များများ တွေ့နေရတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ မြန်မာလူမျိုးတွေက ဒီလိုပိတ်ရက်တွေဆိုရင် ကမ်းခြေဒေသတွေကို သွားလေ့ရှိတယ်လေ။ ဒီဟာတွေက ပုံမှန်အားဖြင့် ဆိုရင်တော့ ခရီးသည်တွေနဲ့ ပြည့်ပြီးတော့ ခရီးသွားလုပ်ငန်းမှာ အမြင့်ဆုံးအချိန်လို့ ပြောလို့ရပါတယ် ဒီနိုဝင်ဘာကလေ။ အခု လောလောဆယ်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေးအခြေအနေတွေအရ ပြည်တွင်းခရီးသွားကိုပါ ထိခိုက်လာ မယ့် အခြေအနေမှာ ရှိနေပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ကမ်းခြေဒေသ ခရီးသွားများကို တွေ့ရစဉ်

တန်ဆောင်တိုင် ပိတ်ရက်မတိုင်ခင် ရက်ပိုင်းအထိ နယ်မြေမတည်ငြိမ်မှုများ ဆက်လက် ရှိနေဦးမည်ဆိုပါက ဟိုတယ်ဘိုကင် လုပ်ထားမှုများနှင့် ခရီးစဉ်များအား ထပ်မံ ပယ်ဖျက်လာနိုင်ဖွယ်ရှိကြောင်းလည်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA)တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် ကုန်းလမ်းများအား ပိတ်ဆို့ထားမှုကြောင့် ငပလီ ကမ်းခြေဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားများမှာ ပိတ်မိနေကြကြောင်း သံတွဲဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်၌ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လာပြီး နယ်မြေ မတည်ငြိမ်ပါက ငပလီကမ်းခြေဒေသ တွင် ယခုလအတွင်း ၁၀ ရက်တိုင် ကျင်းပပြုလုပ်သွားမည့် ဆောင်းဦးပွဲတော်ကိုလည်း ဖျက်သိမ်းနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

သံတွဲဒေသခံတစ်ဦးက “ရခိုင်မှာလည်း စစ်ပွဲတွေက ဖြစ်နေကြတယ်လေ။ ဖြစ်တော့ လုံခြုံရေးအရ အဝင်၊ အထွက် တွေ ပိတ်ထားရတယ်။ မနက်ဖြန်တော့ ငပလီမှာ ပိတ်မိနေတဲ့ ဧည့်သည် ကားလေးတွေကို စာရင်း ကောက်နေ တယ်။ ကောက်ပြီးတော့ ပြန်လွှတ်ပေးဖို့တော့ သူတို့စီစဉ်နေတယ်။ အဝင်တော့ မရလောက်သေးဘူးထင်တယ်။ ဆောင်းဦးပွဲတော်ကလည်း ဖြစ်မလား၊ မဖြစ်မလား မပြောတတ်သေးဘူး။ လုံခြုံရေးတွေတော့ အရမ်းတိုးမြှင့် ထားတယ် ဒီဘက်မှာတော့။ လေကြောင်းလိုင်းရတယ်။ လေကြောင်းလိုင်း ဖွင့်ပေးထားတယ်။ လေယာဉ် လက်မှတ်တွေကလည်း သိသလောက်တော့ သံတွဲကနေ ရန်ကုန်ကို ဒီလ ၂၃ ရက်နေ့ လောက်အထိ ပြည့်နေပြီတဲ့ အဲဒီလိုကြားတယ်။ ရန်ကုန်ကနေ လာရင်တော့ ချောင်တယ်။ အပြန်တော့ သိပ်မချောင်ဘူး။ လေကြောင်းလိုင်းကို အသွားအပြန် ရအောင်ဖြတ်ထား” ဟု CNI သတင်းဌာနသို့ ပြောသည်။

Bagan ခရီးသွားများကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပွင့်လင်းခရီးသွားရာသီ၌ ခရီးသွားဝင်ရောက်မှု အရှိန်အနည်းငယ် တိုးတက်လာသော ကြောင့် ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပို၍ တိုးတက်လာမည့်ဟု ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်း ထားကြခြင်း ဖြစ်သည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲ အခြေအနေများအရ ဒေသတွင်း မတည်ငြိမ်မှုကြောင့် ယခုနှစ် ခရီးသွား ရာသီတွင် ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုနှုန်းများ ထိုးကျသွားနိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် တန်ဆောင်တိုင်ပိတ်ရက်တွင် ကမ်းခြေဒေသများနှင့် ပုဂံဒေသများထက် တောင်ကြီး တန်ဆောင်တိုင်သို့ ခရီးသွား ပိုမိုဝင်ရောက်နိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။